ပန်းချီ ထိန်လင်းရဲ့ အင်စတောလေးရှင်း စင်္ကာပူမှာ ပြသ

ပန်းချီ ထိန်လင်းရဲ့ အင်စတောလေးရှင်း စင်္ကာပူမှာ ပြသ
by -
မြင့်မောင်
နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်သည့် စင်္ကာပူနိုင်ငံတွင် ကျင်းပနေသော အနုပညာ ပွဲတော်တွင် မြန်မာပန်းချီဆရာ ကိုထိန်လင်း၏ အင်စတောလေးရှင်း တင်ဆက်မှုလည်း ပါဝင်ပြသ...


နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်သည့် စင်္ကာပူနိုင်ငံတွင် ကျင်းပနေသော အနုပညာ ပွဲတော်တွင် မြန်မာပန်းချီဆရာ ကိုထိန်လင်း၏ အင်စတောလေးရှင်း တင်ဆက်မှုလည်း ပါဝင်ပြသနေသည်။

၁၈ ရက်ကြာပြသမှုကို Singapore Fringe Festival 10 ပွဲတော် အမည်ဖြင့် စင်္ကာပူနိုင်ငံ အမ်ဝမ်းကုမ္ပဏီက Esplanade ပြခန်းတွင် ဇန်နဝါရီ ရ ရက်နေ့မှ စတင် လျှက်ရှိသည်။

“ ဒီပြပွဲကို လုပ်တဲ့သူတွေကလည်း နည်းနည်းတော့ အခက်အခဲ ရှိတယ်။ ဒီဟာကို ခွင့်ပြုဖို့အတွက် ကျနော်ရဲ့ ပြကွက်ကို နည်းနည်း ရှင်းပြရတယ်။ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး ဆိုပြီးတော့ ရှင်းပြရတယ်” ဟု အင်္ဂလန်နိုင်ငံတွင် နေထိုင်လျှက်ရှိသော ပန်းချီဆရာ ကိုထိန်လင်းက မဇ္စျိမကို ပြောသည်။

“လက်အိတ်တွေအပေါ်မှာ ချိန်ခွင်ရှိတယ်။ လက်အိတ်တွေက အပေါ်မှာရှိတဲ့ ချိန်ခွင်ကို၊ တရားမျှတမှုဆိုတာကို လိုချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်တဲ့ ပုံစံနဲ့ လုပ်ထား တာဖြစ်တယ်။ လက်အိတ်ပေါင်းက ၂၀၀၀ ကျော် ရှိတယ်။ AAPP (နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ) ဝက်ဘ်ဆိုဒ်မှာပါတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်အတိုင်း လုပ်ထားတယ်။ လက်အိတ်တွေထဲက လေတွေက မြန်မာနိုင်ငံသားတွေရဲ့ အသက်ရှူတဲ့ လေနဲ့ လုပ်ဆောင်ထားတာပါ” ဟု သူက ပြောသည်။

စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ ခရိုအေးရှား၊ အင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ ဆလိုဗေးကီးယား၊ ဂျပန်၊ အမေရိကန်၊ အီရန်၊ သြစတြေးလျမှ ပန်းချီပညာရှင်များ၏ အနုပညာ တင်ဆက်မှုလည်း ပါဝင်သည်။

''ချိန်ခွင်ပေါ်မှာရှိတဲ့ လေသွင်းလက်အိတ် အမဲရောင်တွေက တရားဥပဒေကို ချုပ်ကိုင်ထားတဲ့ လူနည်းစု။ ချိန်ခွင်အောက်မှာ ထောင်ထားတဲ့ အဖြူရောင် လေသွင်း လက်အိတ်တွေကျ တရားမျှတတဲ့ ဥပဒေကို လိုလားတဲ့ ပြည်သူလူထုတွေကို ရည်ညွှန်း ဖော်ဆောင်ထားတဲ့ ပြခွက်ပါ။ ဒီလက်အိတ်တွေ ဘေးပတ်မှာ အုတ်တွေကို ထောင်စည်းရိုးလို စီတန်းထားတယ်။ လက်အိတ်တွေက တဖြည်းဖြည်း လေလျော့နည်းလာပြီး အချိန်အလိုက် အပြောင်းအလဲရှိနေတဲ့ ပုံစံကို ဖော်ပြထားတာပါ''

မြန်မာပြည်တွင်း၌ ဥပဒေ ဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့သည့် ပန်းချီဆရာ ထိန်လင်းသည် ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ လူထုလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ကာ၊ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူလည်း ဖြစ်သည်။

ယခင် မြန်မာနို်င်ငံဆိုင်ရာ ဗြိတိသျှသံအမတ် Vicky Bowman နှင့် အိမ်ထောင်ကျပြီးနောက် အင်္ဂလန်တွင် နေထိုင်လျှက်ရှိသည်။

၁၉၉၆ ခုနှစ်မှ စတင်ကာ Performance art ကို ရန်ကုန်တွင် အစောဆုံး ပြသသူ တဦးဖြစ်ကာ ပြည်တွင်းပြည်ပတွင် အနုပညာပြပွဲများလည်း ပြသလာခဲ့သူ ဖြစ်သည်။