ဂျော်ဒန်တွင် မြန်မာလုပ်သားများ သပိတ်မှောက်

ဂျော်ဒန်တွင် မြန်မာလုပ်သားများ သပိတ်မှောက်
by -
ဆလိုင်းပီပီ
ဘင်္ဂလားဒေ့ချ် လုပ်သားများနှင့် ခိုက်ရန် ဖြစ်ပွါးပြီးနောက် ဂျော်ဒန်နိုင်ငံရှိ တရုတ် အထည်အလိပ် ကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမ ငါးရာကျော်သည် ကုမ္ပဏီထံမှ အသက်အာမခံ တောင်းဆိုနေကာ ၆ ရက်မြောက်ဆက်တိုက်...

ဘင်္ဂလားဒေ့ချ် လုပ်သားများနှင့် ခိုက်ရန် ဖြစ်ပွါးပြီးနောက် ဂျော်ဒန်နိုင်ငံရှိ တရုတ် အထည်အလိပ် ကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမ ငါးရာကျော်သည် ကုမ္ပဏီထံမှ အသက်အာမခံ တောင်းဆိုနေကာ ၆ ရက်မြောက်ဆက်တိုက် အလုပ် မဆင်းဘဲ နေကြသည်။

ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာအလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ချ် အလုပ်သမား တဦးတို့ ခိုက်ရန် ဖြစ်ပွါးခဲ့ပြီးနောက် သူတို့အနေနှင့် မလုံခြံုကြောင်း၊ သူတို့ အသက် အာမခံအတွက် တောင်းဆိုထားကြောင်း Ar Ramtha  ရှိ Century Miracle Ltd. စက်ရုံမှ မြန်မာလုပ်သားများက ပြောသည်။

မြန်မာအလုပ်သမ အေးမြစန္ဒာသည် ဘင်္ဂလားဒေ့ချ် အလုပ်သမားတဦး၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို ခံရကြောင်း မြန်မာ အလုပ်သမားများက ပြောဆိုကြပြီး ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်ကို မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ဤသို့ စန္ဒာကို တိုက်ခိုက်ပြီးနောက် အခြား ဘင်္ဂလားဒေ့ချ် အလုပ်သမားများကလည်း ကျန် အလုပ်သမားများကို ဆက်လက် ရိုက်နှက်ခဲ့ကြကြောင်း၊ ထို့ကြောင့် အနည်းဆုံး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြကြောင်း မြန်မာ အလုပ်သမားများက ပြောသည်။

သို့သော် ကုမ္ပဏီ အုပ်ချုပ်ရေး မန်နေဂျာ Nayef Obeidat က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားရာတွင်မူ စန္ဒာကသာ ယခုပြဿနာကို စတင်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ချ် အလုပ်သမားကို စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

`ကျနော်တို့ တခြားနို်င်ငံသား အလုပ်သမား မျက်မြင်သက်သေတွေဆီက ထွက်ချက်တွေ ယူထားပါပြီ။ ကျနော်တို့ဆီမှာ တရုတ်၊ သီရိလင်္ကာ နဲ့ဂျော်ဒန် နိုင်ငံသား အလုပ်သမားတွေ ရှိပါတယ်။ သူတို့ပြောတာ ကြားရတာကတော့ မြန်မာမိန်းကလေးက ပြဿနာကို စတင်တယ်လို့ ဆိုပါတယ်။ သူက ဘင်္ဂါလီ အလုပ်သမားကို ပစ္စည်းတွေနဲ့ ပေါက်တာ၊ ဒါနဲ့ ဘင်္ဂါလီက ပြန်လုပ်တာ´ ဟု Nayef Obeidat ကပြောသည်။

`နောက်တော့ မြန်မာ အလုပ်သမားတွေက ကပ်ကျေးတွေ တခြားရရာပစ္စည်းတွေနဲ့ ဘင်္ဂလား အလုပ်သမားတွေကို ပေါက်တော့တာဘဲ။ ဒါနဲ့ ဘင်္ဂါလီတွေက စပြီး ပြန်လုပ်တော့တာပါ´  ဟု သူက ရှင်းပြသည်။

မြန်မာ အလုပ်သမား အချို့ ဒဏ်ရာ အနည်းငယ်စီ ရရှိကြောင်း သူတို့ကို ဆေးဝါးကုသပေးနေကြောင်း၊ ဘင်္ဂါလီ လူမျိုး အလုပ်သမား ၅ ဦးလည်း ဒဏ်ရာ အနည်းငယ်စီ ရသွားကြောင်းလည်း သူက ဆက်လက် ပြောဆိုသည်။

ကုမ္ပဏီ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့က ဘင်္ဂါလီနှင့် မြန်မာ အလုပ်သမားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် စေလွှတ်ရန် စဉ်းစားနေပြီး၊ ပြဿနာ ပြေလည်ရေး အတွက် ဆွေးနွေး ညှိနှိုင်းမှုများကိုမူ ဆက်လက် လုပ်ဆောင်နေသည်ဟု Obeidat က ပြောသည်။

`ကျနော်တို့က ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း သိမ်သိမ်မွေ့မွေ့ ဖြေရှင်းဘို့ကြိုးစားနေပါတယ်´  ဟု သူကပြောသည်။

သို့သော် အမည်မဖော်လိုသူ မြန်မာအလုပ်သမ တဦးက မဇ္ဈိမသို့ ပြောကြားရာတွင်မူ ကုမ္ပဏီ၏ ပြောဆိုချက်သည် မမှန်ကန်သော ထွက်ဆိုချက်များပေါ်တွင် အခြေခံထားခြင်းသာဖြစ်ပြီး ဘင်္ဂါလီ အလုပ်သမားများက ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်ရသည့်အတွက် သူတို့အနေဖြင့် အလုပ်ခွင်သို့ ပြန်မသွားရဲကြကြောင်း ပြောသည်။

သူမ၏အပြောအရ စန္ဒာသည် ဇန်နဝါရီလ ၅ ရက်နေ့က ဘင်္ဂါလီ အလုပ်သမားများကြားတွင် အလုပ် မလုပ်လိုကြောင်း ပြောကြားခဲ့သည့်အတွက် အတူ အလုပ်လုပ်ကိုင်သူ ဘင်္ဂါလီ အလုပ်သမားက ပါး ၃ ခါ ရိုက်သည်ကို ခံခဲ့ရသည်ဟု ဆိုသည်။

ထိုသို့ ပြဿနာ စဖြစ်ပြီးနောက် အခြားအလုပ်သမားများက အခင်းဖြစ်ပွါးရာသို့ အပြေးသွားကြရာ အခြားဘင်္ဂါလီ လုပ်သားများ၏ ထပ်မံ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု ဆိုပါသည်။

`ဘင်္ဂါလီ အလုပ်သမားက အေးမြတ်စန္ဒာကို ပါးရိုက်လို့ ပြဿနာစဖြစ်တာပါ။ သူက ဘင်္ဂါလီ အလုပ်သမားတွေ ကြားထဲမှာ အလုပ်မလုပ်ချင်ဘူး။ မြန်မာ အလုပ်သမားတွေ လုပ်တဲ့ လိုင်းမှာဘဲ အတူတူ အလုပ် လုပ်ချင်တယ်ပြောလို့ ပါးရိုက်ခံရတာပါ´ ဟု မြန်မာ အလုပ်သမ တဦးက ပြောသည်။

`တရုတ်နဲ့ ဂျော်ဒန် အလုပ်သမားတွေသာ ဝင်မဖျင်ရင် ကျမထင်တယ်၊ ကျနော်တို့အားလုံး သေကြမှာဘဲ´ ဟု မြန်မာ အလုပ်သမတဦးက ပြောသည်။ သူတို့ကို ဘင်္ဂါလီ အလုပ်သမား တရာကျော်က ခါးပတ်များ၊ ချည်ရစ်လုံးများ၊ ကုလားထိုင်များ၊ မီးချောင်းအကွဲများဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်ဟုလည်း သူမက ဆက်ပြောသည်။

မြန်မာ အလုပ်သမားများက ကုမ္ပဏီက သူတို့ တောင်းဆိုချက်များကို မလိုက်လျောမချင်း အလုပ်ပြန် မဆင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က ကုမ္ပဏီကို အသက်အာမခံ ထားပေးရန်၊ စော်ကားခံရသူ မြန်မာမိန်းကလေးကို လျော်ကြေးပေးရန်၊ လွန်ခဲ့သော ၆ ရက်လုံးလုံး အလုပ်မဆင်းသည့် မြန်မာ အလုပ်သမားများအား ဒဏ်ငွေ ပေးခိုင်းခြင်းတို့ကို ပြန်လည် ရုပ်သိမ်းစေရန်တို့ကို တောင်းဆိုထားခဲ့ကြသည်။

`ကျမတို့က အလုပ်ပြန်မဆင်းရဲဘူး။ အသက် အာမခံပေးဘို့နဲ့ ကုမ္ပဏီက လုံခြံုရေးအတွက် အစီအစဉ်တွေ လုပ်ပေးစေချင်တယ်´  ဟု သူမကပြောသည်။

သို့သော် Obeidat ကမူ ` ကျနော်တို့ စက်ရုံမှာ အသက်အာမခံဆိုတာ မရှိဘူး၊ စက်ရုံက အလုပ်သမားတွေ အတွက် မတော်တဆ ထိခိုက်မှု အာမခံဘဲရှိတယ်´ ဟု ပြောသည်။

သူတို့အနေဖြင့် အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးနေကြောင်း၊  ဂျော်ဒန် အလုပ်သမား ဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း သူက ပြောသည်။ မြန်မာ အလုပ်သမားများ၏ လုံခြံုရေးအတွက် မြန်မာအလုပ်သမားများကို အာမခံချက် ပေးထားကြောင်း Obeidat က ဆက်လက် ပြောကြားသည်။

CM Textile Company တွင် အလုပ် လုပ်ကိုင်နေသော မြန်မာ အလုပ်သမပေါင်း ၅၈၀ ရှိပြီး သူတို့ကို ရန်ကုန်မြို့ရှိ စည်းစိမ်သစ် အလုပ်သမား အေဂျင်စီကတဆင့် အလုပ်ရရှိခဲ့ခြင်း ဖြစ်ကြသည်။

ဂျော်ဒန် နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော မြန်မာနှင့် ဘင်္ဂါလီ အလုပ်သမားများအကြား ဖြစ်ပေါ်နေသော ပြဿနာကို သူတို့ သိရှိပါကြောင်းနှင့် ဤကိစ္စအတွက် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း စည်းစိမ်သစ် မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဤခိုက်ရန်ဖြစ်ပွါးမှုကို တနင်္လာနေ့ညနေတွင် ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ ဆွေးနွေးရာတွင် မြန်မာ အလုပ်သမားများ၊ အလုပ်သမား အေးဂျင့်များနှင့် ဂျော်ဒန် အလုပ်သမား ဝန်ကြီးဌာနတို့ပါဝင် သည်ဟု ကုမ္ပဏီက ပြောသည်။