ထောင်တွင်း လွတ်လပ်ရေး အခမ်းအနား ပျက်ပြားသွား

ထောင်တွင်း လွတ်လပ်ရေး အခမ်းအနား ပျက်ပြားသွား
by -
ဖနိဒါ
မြစ်ကြီးနားထောင်တွင်း လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် နိုင်ငံရေး အကျဉ်းသားများက စီစဉ်ခြင်းကို အာဏာပိုင်များက တားမြစ်သဖြင့် ပျက်ပြားသွားခဲ့ရသည်။ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ မြစ်ကြီးနားထောင်တွင်း လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရန် နိုင်ငံရေး အကျဉ်းသားများက စီစဉ်ခြင်းကို အာဏာပိုင်များက တားမြစ်သဖြင့် ပျက်ပြားသွားခဲ့ရသည်။

အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ခဲ့သည့် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိ်မ်းအမှတ် အခမ်းအနားကို နာမည်ကျော် ဟာသသရုပ်ဆောင် ဇာဂနာ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများက ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပလိုသော်လည်း အကျဉ်းဦးစီး ဝန်ထမ်းများက တားမြစ်ခဲ့သည်။

“သူတို့က အလေးပြုဖို့ အစီအစဉ် လုပ်ထားတာကို တားဆီးတယ်ပေါ့။ လုပ်ခွင့်မပေးနိုင်ဘူးလို့ ပြောတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဆူဆူပူပူ ဖြစ်သွားတယ်ပေါ့။ အဲဒါနဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား လုပ်ခွင့် မရလိုက်ဘူး” ဟု မကြာသေးခင်က ထောင်ဝင်စာ တွေ့ခဲ့သူတဦးက  မဇ္စျိမကို ပြောသည်။

အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်း အပြောအရ အခမ်းအနား မကျင်းပရန် တားဆီးသူတဦးဖြစ်သော တပ်ကြပ် အဆင့်ရှိသူမှာ ၁၉၉၀ ခုနှစ်က အင်းစိန်ထောင်၌ တာဝန်ကျနေပြီး နိုင်ငံရေး အကျဉ်းသားများအား ညှင်းပန်း နှိပ်စက်ခဲ့ဖူးသူဟု ဆိုသည်။ သူသည် ယခင်နှစ် ဒီဇင်ဘာ လလယ်ပိုင်း၌ ပူတာအိုထောင်မှ မြစ်ကြီးနားထောင်သို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ထင်ရှားသည့်နေ့ အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံရေး အကျဉ်းသားများက လျို့ဝှက် ကျင်းပလေ့ ရှိသည်။

မြစ်ကြီးနားထောင်တွင် ကိုဇာဂနာ ခေါ် ဦးသူရအပြင်၊ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြတ်စံ၊ ဘိုကလေးမြို့မှ ကိုသီဟသက်ဇင်၊ ဦးစန္ဒိမာ ခေါ် ဆွေမင်း၊ အန်အယ်ဒီမှ ဦးအောင်မြင့် တို့ အပါအဝင် ၂၀ ဦးရှိကြောင်း သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Most read this week