ကရင်နီပြည်တွင် ပထမဦးဆုံးအကြိမ် တိုင်းရင်းဆေး မှတ်ပုံတင်ပြီး ထုတ်လုပ်နိုင်

ကရင်နီပြည်တွင် ပထမဦးဆုံးအကြိမ် တိုင်းရင်းဆေး မှတ်ပုံတင်ပြီး ထုတ်လုပ်နိုင်
ကရင်နီပြည် လွိုင်ကော်မြို့တွင် ထုတ်လုပ်သော သံလိုက်ဆီ (ခေါ်) ရွှေကိန္နာရာ မောင်နှံ အနာလိမ်းဆေးကို မြန်မာ စစ်အစိုးရမှ တရားဝင် မှတ်ပုံတင်ပေးပြီး ပြည်တွင်း အဆင့်မြင့် ဆေးအဖြစ် နိုင်ငံတကာတွင် ဖြန့်ချိရောင်းချ ...

ကရင်နီပြည် လွိုင်ကော်မြို့တွင် ထုတ်လုပ်သော သံလိုက်ဆီ (ခေါ်) ရွှေကိန္နာရာမောင်နှံ အနာလိမ်းဆေးကို မြန်မာစစ်အစိုးရမှ တရားဝင် မှတ်ပုံတင်ပေးပြီး ပြည်တွင်း အဆင့်မြင့် ဆေးအဖြစ် နိုင်ငံတကာတွင် ဖြန့်ချိရောင်းချနေပါသည်။

ယခုလို ကရင်နီပြည်အတွင်းမှ ကရင်နီလူမျိုးများ ထုတ်လုပ်သည့်ဆေးသည် ပထမဦးဆုံး အကြိမ်် ဖြစ်ပါသည်။

ဆေးထုတ်လုပ်သူ ဦးဌေးရယ်က “တိုင်းရင်းဆေးအတွက်ထုတ်လုပ်ဖို့ကို မုံညင်းဆီ၊ ထင်းရူးဆီ တွေကိုယူ ပြီးတော့ရောစပ်ပြီး ထုတ်တာဖြစ်တယ်။ ဒီဆေးဟာ အကြောတက် ပြီး လိမ်းတာတို့ အဆိပ်ပျယ်တာတို့ အနာထွက်တာတို့ လိမ်းရင်ပျောက်ကင်းသွားပါတယ်။ ပြီးတော့ သူတို့က မလေးရှားတို့ ထွက်သွားရင် ကျနော်ဖော်ထုတ်တဲ့ ဆေးကို အများကြီး မှာလာကြတယ်” ဟု ပြောပါသည်။

၎င်းဆေးကို နိုင်ငံတကာ အဆင့်မီ နိုင်ရန်အတွက် အနှစ်နှစ် အလလ ကြိုးစားလုပ်ကိုင် ခဲ့ရပြီး ဆေးဗူးအပြင်ဘက်တွင် ဆေးညွန်းများကို ရေးထားပေးကာ ယခုဆိုလျင် ကရင်နီပြည်ထဲတွင် ၎င်းဆေးကို အများဆုံး ဝယ်ယူ သုံးနေကြပါသည်။

လွိုင်ကော်မြို့ ဒေသခံအမျိုးသမီးတဦးက “အများအားဖြင့် ဒီဆေးတွေကိုပဲသုံးတယ်။ ဒီသံလိုက်ဆီသုံးတာဟာ အင်္ဂလိပ်ဆေးထက်ကောင်းတယ်။ အများအားဖြင့် ဒီမှာနေတဲ့ လူတွေက ဒီဆေးကိုပဲသုံးတယ်။ အင်္ဂလိပ်ဆေးတွေကို သိပ်မသုံးကြဘူး” ဟုပြောသည်။

သံလိုက်ဆီ (ခေါ်) ရွှေကိန္နာရာမောင်နှံ အနာလိမ်းဆေးအား အနှစ်နှစ်ဆယ်ခန့်က စတင်ဖော်ထုတ်ခဲ့ပြီး လုပ်ငန်းလိုင်စင်ကို ကျန်းမာရေး ဦးစီးဌာန ဗဟိုတွင် ၂၀၀၇ ခုနှစ်တွင် စတင်မှတ်ပုံတင်ပြုလုပ်ပြီး အသိအမှတ်ပြုလာပါသည်။ ၂၀၀၈ ခုနှစ်တွင် လိုင်စင်ရကာ ကြီးကြီးမားမား ထုတ်လုပ်လာနိုင်ခဲ့သည်ဟု ဦးဌေးရယ်ကပြောပါသည်။

Most read this week