် ၂၀၁၀ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း ယခုလ ၁၉ ရက်နေ့တွင် စည်းရုံးရေး ဆင်းနေစဉ် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက ဝိုင်းဝန်း ရိုက်နှက်သဖြင့် ပါတီဝင် အနည်းဆုံး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေး ပါတီတခုက ပြောသည်။
ကြည့်မြင်တိုင် မြို့နယ်တဖက်ကမ်း အလတ်ချောင်းရွာတွင် ဟောပြောပွဲ ပြုလုပ်ရန် ပြင်နေစဉ် မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဦးမြင့်လွင် ဦးဆောင်သည့် ကြံ့ဖွံ့ဦးရေ ၂၀ ခန့်နှင့် ကျေးရွာလူထု စုစုပေါင်း ၂၀၀ ခန့်က ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်က ဆိုသည်။
''ဦးမြင့်လွင်နဲ့ ဦးညွန့်တင် (စက်ကလေး ကျေးရွာအုပ်စု ရယက ဥက္ကဋ္ဌ) ဦးဆောင်တဲ့ လူ ၂၀၀ လောက်ပါတယ်။ ကျနော် မေးကြည့်တယ်။ ခင်ဗျားတို့ထဲမှာ တာဝန်ရှိတဲ့ သူပါလား၊ ပါရင် ဒါကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးပါလို့ ပြောတော့ ကိုမြင့်လွင်က ငါက ခေါင်းဆောင်ပဲ၊ မင်းတို့တတွေ ဘာလုပ်နေလဲဆိုပြီး ကျနော်တို့ကို ဒုတ်နဲ့ ရိုက်၊ ခဲတွေနဲ့ ပစ်ကြတယ်” ဟု အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုရဲထွန်းက မဇ္စျိမကို ပြောသည်။
ဦးခေါင်းတွင် ဒဏ်ရရှိခဲ့သည့် ဒေါ်ကြူကြူ (အလတ်ချောင်း) နှင့် ပုခုံးတွင် ဒဏ်ရာရသည့် ဒေါ်အေးအေးမော် (လှိုင်သာယာ) တို့သည် ဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူနေပြီး ကျန် ၃ ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။
အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၏ အလံ၊ ပါတီတံဆိပ်၊ စာရွက်စာတမ်း၊ နိုင်ငံတော်အလံ၊ သုံးရောင်ချယ် နောက်ခံ ဒေါင်းအလံ၊ ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) အနီရောင်အောက်ခံ ခွပ်ဒေါင်းအလံများ မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း ကိုရဲထွန်းက ပြောသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့် ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ယခင်ကလည်း ရန်ကုန်တိုင်းအတွင်း သန်လျင်နှင့် ခရမ်းသုံးခွ ဒေသများတွင်လည်း သူတို့ပါတီအနေဖြင့် စည်းရုံးရေး ဆင်းခဲ့ကြောင်း သိရသည်။
ပါတီဝင်ပေါင်း ၄၀ ခန့် ရှေ့မှောက်တွင် ဖြစ်ပွားခဲ့သည့် ယခုအမှုအတွက် ကြည့်မြင်တိုင် ရဲစခန်းက ၂၆ ဦးကို တရားလိုစစ်ချက် ရယူနေပြီဟု သိရသည်။
အခင်းဖြစ်ပွားရာ အနီးရှိ အလတ်ချောင်းအပိုင် စက်ဆန်း ရဲစခန်းသို့ ဆက်သွယ် မေးမြန်းကြည့်ရာ တာဝန်ကျ ရဲအရာရှိက ဖြေဆိုခွင့် မရှိကြောင်း ပြောဆိုသည်။
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရ ကြေညာထားသော်လည်း ပါတီဖွဲ့စည်းခွင့်၊ စည်းရုံးခွင့် အစရှိသည့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ဥပဒေများ မပေါ်ထွက်သေးခင် ကြိုတင်၍ စည်းရုံးရေး ဆင်းနေခြင်း ဖြစ်သည်။
ကိုရဲထွန်း၏ အဖွဲ့ကဲ့သို့ပင် ကိုအေးလွင် ဦးဆောင်သော ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) သည်လည်း ရွေးကောက်ပွဲ ဝင်ရေးအတွက် မကြာခဏဆိုသလို ရန်ကုန်တိုင်းတွင် စည်းရုံးရေး ဆင်းသည်များ ရှိသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မဟာမိတ်များ အဖွဲ့ချုပ်နှင့် ဒီမိုကရက်တစ် ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောဆိုထားသော်လည်း စည်းရုံးရေးကိုမူ ထင်ရှားစွာ ပြုလုပ်ခြင်း မရှိသေးပါ။
မဟာမိတ်များ အဖွဲ့ချုပ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ခဲ့သည့် ဝံသာနု အန်အယ်ဒီ အပါအဝင် အမျိုးသား နိုင်ငံရေး အန်အယ်ဒီ လူငယ် (မိတ္ထီလာ)၊ မျိုးချစ် အမျိုးသား နိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအဖွဲ့၊ အမျိုးသား နိုင်ငံရေး ရခိုင်ပြည်နယ်၊ ဒီမို အန်အယ်ဒီ (စစ်ကိုင်းတိုင်း)၊ အမျိုးသား နိုင်ငံရေး စေ့ဆော်သူများ၊ G–7၊နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု၊ တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်အချို့ ပါဝင်သည်။
ဒီမိုကရက်တစ် ပါတီကိုမူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဦးဆောင်ကာ ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင်များ၏ သမီးအချို့နှင့် စုပေါင်း ဖွဲ့စည်းထားသည်။