ကညနမှ လိုင်စင်သစ်ကို ပြပြီး မော်တော်ဆိုင်ကယ်စီးသူများထံမှ အဆမတန် ငွေကောက်

ကညနမှ လိုင်စင်သစ်ကို ပြပြီး မော်တော်ဆိုင်ကယ်စီးသူများထံမှ အဆမတန် ငွေကောက်
by -
တာကလူး
ကညန(ခေါ်) ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ်တွင် ယခင် လိုင်စင်ကြေးထက် တစ်ဆပိုသည့် လိုင်စင်သစ်များကို ထုတ်ကာ ဆိုင်ကယ် စီးသူများထံမ...

(နိရဥ္စရာ) ကညန(ခေါ်) ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ်တွင် ယခင် လိုင်စင်ကြေးထက် တစ်ဆပိုသည့် လိုင်စင်သစ်များကို ထုတ်ကာ ဆိုင်ကယ် စီးသူများထံမှ ငွေကောက်ခံနေသည်။

အမည်မဖေါ်လိုသူ ဆိုင်ကယ်ပိုင်ရှင် လူငယ် တဦးက “ ကညန ကနေပြီး လိုင်စင် မလုပ် မနေရ အမိန့်ထုတ်ပြီး လိုင်စင်သစ်တွေကို ထုတ်ပေးနေပါတယ်။ အခုထုတ်ပေးတဲ့ လိုင်စင်က မြန်မာ တနိုင်ငံလုံးမှာ သွားလာနိုင်တဲ့ လိုင်စင် ဖြစ်တယ်ဆိုပြီး ဆိုင်ကယ် အမျိုးအစားလိုက် တစီးစီက ကျပ် ၃၀၀၀၀၀ မှ ၆၀၀၀၀၀ အထိ အကောက်ခံနေပါတယ်”ဟု ပြောသည်။

ယခုလ ဒီဇင်ဘာဆန်းပိုင်းမှ စ၍ ကညနမှ လိုင်စင်မရှိလျှင် ဆိုင်ကယ်များကိုသိမ်းမည်ဟု အမိန့်ထုတ်ကာ (ယ) အမှတ်ဖြင့် နိုင်ငံတဝှန်း သွားလာနိုင်မည့် လိုင်စင်သစ်များကို ရခိုင်ပြည်နယ်တွင် ထုတ်ပေးနေသည်။

ယခင်က ကညနမှ ရခိုင်ဒေသ အတွင်း သွားလာနိုင်သည့် စတ(စစ်တွေ)၊ ကဖ(ကျောက်ဖြူ) နှင့် သတ(သံတွဲ) စသည့်လိုင်စင်များကို ကျပ် ၁၅၀၀၀၀ မှ ၃၀၀၀၀၀ ကျော်အထိယူကာ ထုတ်ပေးခဲ့သည်။

ယခုအခါ ဒေသအတွင်း သွားလာနိင်သည့် ဆိုင်ကယ် လိုင်စင်စနစ်ကို ဖျက်သိမ်းပြီး အဆိုပါ နေရာတွင် (ယ) အမှတ်ဖြင့် တနို်င်ငံလုံးသွားလာနိုင်သည့် ဆိုင်ကယ်လိုင်စင်များကို ထုတ်ပေးနေခြင်း ဖြစ်သည်။

“ သူတို့က တစ်နိုင်ငံလုံး သွားလာလို့ရတဲ့ လိုင်စင်ကိုဘဲ ခွင့်ပြုမယ်။ ယခင်က ထုတ်ပေးခဲ့တဲ့ ဒေသတွင်းမှာ သွားလာနိုင်တဲ့ လိုင်စင်ကိုကျတော့ ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။ လိုင်စင်သစ်က စျေးကြီးတော့ လူတိုင်း မတတ်နိုင်ဘဲ ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ဆိုင်ကယ်လိုင်စင်ခ မတတ်နိုင်တဲ့အတွက် ဆိုင်ကယ်ကို ရောင်းရ အခက်၊ စီးရ အခက်နဲ့ စိတ်သောက ဖြစ်နေကြရပါ တယ်” ဟု စစ်တွေမှ မော်တော်ဆိုက်ကယ်ပိုင်ရှင် နောက်ထပ် လူငယ်တစ်ဦးက ပြောသည်။

၎င်းအပြင် ယခင် လိုင်စင်ဟောင်းများကို သုံးစွဲနေသူများ အနေဖြင့် ယခုအချိန်ထိ လိုင်စင်ဟောင်းဖြင့် သွားလာနိုင်သေးသော်လည်း အသစ် လိုင်စင်နှင့် လဲလှယ်လိုပါက ဆိုင်ကယ် အမျိုးအစား အလိုက် ကျပ် ငွေ ၅၀၀၀၀ မှ ၁၀၀၀၀၀ ကျော်ထိပေးသွင်းရမည်ဟု ကညနမှ ညွှန်ကြားထားသည်ဟု အဆိုပါ လူငယ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့တော်စစ်တွေသည် မော်တော်ဆိုင်ကယ် အသုံးအများဆုံးသော မြို့ တစ်မြို့ဖြစ်သော်လည်း ယခုကဲ့သို့ ဆိုင်ကယ်လိုင်စင်များကို နည်းအမျိုးမျိုးဖြင့် ထုတ်ကာ တနှစ်တမျိုး တနှစ် တမျိုး ငွေကြေးကောက်ခံနေသဖြင့် ဆိုင်ကယ်စီးသူများမှာ အထူးစိတ်ပျက်နေကြသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း လမ်းပမ်းဆက်သွယ်ရေး ညံ့ဖျင်းသည့် အပြင် ယခုလက်ရှိ မော်တော်ကားလမ်းမှာလည်း လမ်းကြမ်းပြီး တနေရာမှ တနေရာ သွားလာရန် အခက်အခဲ ရှိသဖြင့် တစ်နိုင်ငံလုံး သွားလာနိုင်သည့် လိုင်စင်ထုတ်ပေးနေခြင်းမှာ အဓိပ္ပါယ်မဲ့သော လုပ်ရပ်တစ်ခုသာဖြစ်သည်ဟု မော်တော်ဆိုင်ကယ်စီးသူများက ဝေဖန်ပြောဆိုနေကြသည်ဟု သိရသည်။

”ကျွန်တော်တို့ စစ်တွေမှာ မော်တော်ဆိုင်ကယ်တွေကို အသုံးပြု နေကြတယ်ဆိုတာက မြို့တွင်း လေးတင်မှာပဲ သုံးနေကြတာ ဖြစ်ပါတယ်။ လမ်းမကောင်းတော့ ဆိုင််ကယ်နဲ့ တခြားမြို့တွေကို သွားလာလို့လည်း မရပါဘူး။ ဒီအထဲ လိုင်စင် မလုပ်မနေရ။ မလုပ်ရင် ဆိုင်ကယ်ကို သိမ်းမယ်ဆိုပြီး တစ်နိုင်ငံလုံး သွားလာနိုင်တဲ့ လိုင်စင် ထုတ်ပေးနေပါတယ်။ ဒါက သူတို့ သက်သက် စားကွက်ထွင်ချင်လို့ လုပ်တာသာ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

ယခုနှစ် ဇူလိုင်လပိုင်းကလည်း ကညနမှ စစ်တွေတွင် လိုင်းဆွဲနေသည့် သုံးဘီး ဆိုင်ကယ်များကို အဝိုင်း လိုင်စင်ကဒ်ပြား ထုတ်ပေးထားရာခဲ့ရာမှ မပြောင်းလျှင် လိုင်းဆွဲခွင့်ကို ပိတ်မည်ဟု အမိန့်ထုတ်ကာ ကျပ် ၆၀၀၀၀ ကျော်စီ ထပ်မံကောက်ခံပြီး အဝိုင်းမှ သုံးထောင့် လိုင်စင်သို့ ပြောင်းခဲ့သည်။

Most read this week