လာမည့် ဒီဇင်ဘာလ (၁၁၊ ၁၂၊ ၁၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၊ ထိုင်းနယ်မြေဘက် (ရှမ်းကုန်း) တွင် နယ်စပ်ရှိ ထိုင်းအာဏာပိုင်တို့မှ ဦးစီးပြီး နာမည်ကြီး မြန်မာအဆိုတော်များနှင့် ထိုင်းအဆိုတော်တချို့မှ စင်တင်တေးဂီတ ဖျော်ဖြေပွဲ ပြသမည်ဖြစ်သည်။
၄င်းဖျော်ဖြေပွဲမှာ နာမည်ကြီး မြန်မာအဆိုတော် Rဇာနည်၊ ဖိုးကာ၊ ရဲလေး၊ ထွန်းအိန္ဒြာဗ်ိုလ်၊ ဖြူဖြူကျော်သိန်း တို့နှင့်အတူ ထိုင်းအဆိုတော်တချို့လည်း ပါဝင်ဖျော်ဖြေမည်ဟု သိရသည်။
စင်တင်တေးဂီတအတွက် ရုံးဝင်လက်မှတ်တစ်စောင်လျှင် (၂၀၀) ဘတ်ပေးရပြီး၊ ရုံးအတွင်း ငါးယောက်စာ စားဝိုင်း တစ်ဝိုင်းအတွက် (၁၅၀၀) ဘတ် ပေးရမည်။ လက်မှတ်ရောင်းမည့်နေ့ကိုအတိကျ မသိရသေးသော်လည်း၊ ဘုရားသုံးဆူဒေသခံတို့က ထိုစင်တင်တေးဂီတကို ကြည့်ရှုရန် စောင့်မျှော်နေကြသည်။
“အခုလို ထိုင်းကနေပြီးတော့ စီစဉ်လုပ်ဆောင်တယ်ဆိုတော့ ထိုင်းနဲ့ မြန်မာ စီးပွားရေးလုပ်ငန်းတွေ ပြေလည်ဖို့အတွက် ထိုင်းတွေကဒီလိုပွဲတော်တွေကို သွင်းတာဖြစ်နိုင်တယ်” ဟု ဘုရားသုံးဆူမြို့မှ စီးပွားရေးသမားတစ်ဦးက ၄င်းတေးဂီတအပေါ် ပြောဆို သုံးသပ်လိုက်သည်။
စီးပွားရေးနှင့် ဆက်စပ်ပြီး၊ ဘုရားသုံးဆူနယ်စပ်ဒေသမဖွင့်သေးခင်က ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ ပရိဘောက ပစ္စည်းများဝယ်ယူရန် ဝင်ထွက်နေကြသည်။
ထိုင်းဘက်ကမ်းမှလည်း ဘိလပ်မြေ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီအပါဝင် အခြား စားသောက်ကုန်ပစ္စည်းများ အလှကုန်ပစ္စည်းလည်း ဘုရားသုံးဆူသို့ တင်သွင်းသည်။
နယ်စပ်ဖြတ်သန်းခွင့်ဂိတ် ပိတ်လိုက်သောကြောင့် ထိုင်းဘက်ကမ်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာဘက်ကမ်းမှ စီးပွားရေးလုပ်ငန်းရှင်များ ကုန်ပစ္စည်းအတင်အချပြုရာတွင် တရားမဝင်သည့် လမ်းဖြင့် ခိုးထုတ်နေရသောကြောင့် လွတ်လွတ်လပ်လပ် စီးပွားရေးမလုပ်ကိုင်ရပေ။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် မတ်လ ၂၂ ရက်မှစပြီး တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တို့က ထိုင်းနယ်စပ်စောင့်တစ်သားနှစ်ဦးကို ပြန်ပေးဆွဲလိုက်ပြီးနောက် ထိုင်းအာဏာပိုင်တို့ဘက်မှ နယ်စပ်ဖြတ်သန်းခွင့်ဂိတ်ကို ပိတ်လိုက်သည်။ ၄င်းတပ်သားနှစ်ဦးသည် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။
မြန်မာအာဏာပိုင်တို့ဘက်ကလည်း ၄င်းနယ်စပ်ဖြတ်သန်းခွင့်ကို ထပ်မံပိတ်ပစ်လိုက်သည်မှာ ယခုချိန်ထိပင်ဖြစ်သည်။
“အဲချိန်ကနေပြီး ယခုထိပဲ ပိတ်လိုက်တာ၊ ဘုုရားသုံးဆူက အစိုးရတာဝန်ခံတွေကတော့ ဖွင့်ချင်နေကြတာ၊ ဒါပေမယ့် အထက်က ဖွင့်ခွင့် အမိန့်ပေးလာမှ ဖွင့်လို့ရမယ်လေ၊ ထိုင်းဘက်ကတော့ ဖွင့်ချင်နေတာ မပြောပါနဲ့တော့” ဟု အထက်ပါ စီးပွားရေး လုပ်ငန်းရှင်က ဆက်ပြောသည်။
ယခုလိုမျိုး ထိုင်း-မြန်မာချစ်ကြည်ရေး ယဉ်ကျေးမှု စင်တင်တေးဂီတဖျော်ဖြေပွဲဆိုပြီး၊ ထိုင်းဘက်က စီစဉ်တာဟာ ပိတ်ထားသည့် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးနိုင်မည်လားဟုလည်း ဘုရားသုံးဆူဒေသခံများက မျှော်လင့်နေကြသည်။