မဇ္ဈိမ (ချင်းမိုင်)။ ။ အကျဉ်းသားများကို ထောင်အာဏာပိုင်များက ဖိနှိပ်ချုပ်ချယ်မှုကြောင့်ဟုဆိုကာ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်သည် အင်းစိန်ထောင်တွင်း၌ လွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်၍ အစာငတ်ခံ ဆန္ဒပြနေကြောင်း အဒေါ်ဖြစ်သူက ပြောသည်။
ထောင်အာဏာပိုင်များသည် အကျဉ်းသားများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် တရားမျှတမှု မရှိခြင်းကြောင့် ယခုလို အစာငတ်ခံ ဆန္ဒပြခြင်းဖြစ်ကြောင်း ယနေ့ နေ့လည် ၁၂ နာရီမှစပြီး ကိုညီညီအောင်ကို မိနစ် ၂၀ ကြာ ဖုန်းဖြင့် ထောင်ဝင်စာတွေ့ခွင့်ရခဲ့သည့် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက မဇ္စျိမကို ပြောပြခြင်း ဖြစ်သည်။
''ဒီနေ့တွေ့လိုက်တော့ အိပ်ယာထ ခေါင်းမဖီးဘူး။ သားတခုခုဖြစ်လားလို့ မေးလိုက်တော့မှ အစာငတ်ခံနေတာတဲ့။ လွတ်လပ်မှု မရှိဘူး၊ တရားမျှတမှု မရှိဘူး၊ ဖိနှိပ်ချုပ်ချယ်တယ်ဆိုပြီးတော့ ပြောတယ်။ အအေးလည်း ပို့လို့မရဘူး။ ရေပဲသောက်မှာပေါ့။ နောက်တပတ်ကျရင် ဘာမှယူမလာနဲ့လို့ ပြောတယ်။ ဒီနေ့တော့ ပို့ထားတယ်။ အကုန်လုံး ဝေပေးလိုက်မယ်တဲ့'' ဟု သူက ပြောသည်။
''အစာငတ်ခံ ဆန္ဒပြနေတာ၊ ဘယ်ရက်ဆိုတာ မသိဘူးနော်။ အန်တီလည်း စိတ်ပူတာနဲ့ မမေးလိုက်မိဘူး။ ဒါပေမဲ့ သောကြာနေ့ ဖြစ်ဖို့များတယ်။ သောကြာနေ့ ရုံးထုတ်တုန်းကတော့ မကြားသေးဘူး။ သူ့ကိုကြည့်ရတာ ၂ ရက်၊ ၃ ရက်လောက်တော့ ရှိပြီ။ အရမ်းနွမ်းနေတယ်'' ဟု ဒေါ်ခင်ခင်ဆွေက ဆက်ပြောသည်။
၄၀ နှစ်အရွယ် ကိုညီညီအောင်ကို အထူးရဲသတင်း တပ်ဖွဲ့က လိမ်လည်မှု ပုဒ်မ - ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ - ၄၆၈၊ နိုင်ငံခြား ငွေလဲလည်မှု ပုဒ်မ - ၂၄ တို့ဖြင့် တရားရုံးတွင် စွဲဆိုထားသဖြင့် အင်းစိန်ထောင်တွင်း၌ အချုပ်ကျခံကာ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
ဒေါ်ခင်ခင်ဆွေက ''တရားမျှတမှု မရှိဘူး၊ ထောင်ထဲမှာ အာဏာရှင်တွေ ဖိနှိပ်ထားတယ်ပေါ့နော်။ တွေ့ဆုံဆွေးနွေးပွဲဆိုတာလည်း ဖြစ်မလာဘူး။ ထောင်ထဲကလူတွေ အားလုံးကိုလည်း ဖိနှိပ်ထားတယ်။ ဘာတန်းတူအခွင့်အရေးမှ မရဘူးတဲ့။ ထောင်ထဲမှာ အအေးဗူးဆိုပြီး အရက်တွေဘာတွေ သွင်းထားတယ်။ နောက်ပြီး ကားလေးနဲ့ ကိုယ့်အိမ်ကို ပြန်လို့ရတဲ့လူတွေလည်း ရှိတယ်။ ထောင်ကျနေတာပဲ ရှိတယ်ပေါ့နော်။ မတရား စွပ်စွဲပြီးတော့ ထောင်ချနေတဲ့ (နိုင်ငံရေးအကျဉ်းသား) ဟာတွေပေါ့။ အဲဒီအတွက် အစာငတ်ခံတာတဲ့'' ဟု ပြောသည်။
ထောင်ထဲတွင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူများလည်း ဖမ်းဆီးခံထားရပြီး ၎င်းတို့ကို လေအေးစက်ဖြင့် နေကြရကြောင်းနှင့် စင်္ကာပူသို့ပင် သွားလာခွင့် ပေးထားသဖြင့် အမည်ခံသာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကိုညီညီအောင်က အဒေါ်ဖြစ်သူကို ပြောဆိုခဲ့သည်ဟု သိရသည်။
သူ့ကို အင်းစိန်ထောင်တွင်းရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးက ၃ ကြိမ် ရုံးထုတ်ခဲ့ပြီး ထောင်တွင်း အခြားတရားရုံုးတခု ဖြစ်သော တောင်ပိုင်းခရိုင် တရားရုံးသို့ ယခုအခါ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့က အဆိုပါ ခရိုင်တရားရုံးတွင် တရားလိုပြ သက်သေတဦးဖြစ်သူ ရန်ကုန်တိုင်း ပြည်တွင်းပြည်ပ စုံစမ်းရေးအရာရှိ ရဲအုပ်ကျော်စိုးက စစ်ဆေးခံခဲ့သည်။
ထိုရုံးထုတ်ရက်တွင် သူ့ကို လက်ထိပ်ခတ်၍ ခေါ်လာသဖြင့် ရှေ့နေများက ယခင် ရုံးထုတ်ရက်များတွင် တရားရုံး ဥပဒေ လက်စွဲစာအုပ် အပိုဒ် ၄၇၇ အရ တရားရုံးထုတ်စဉ် လက်ထိပ်ဖြုတ်ပေးရန် ပြောဆိုခဲ့ရာ စာဖြင့်ရေးပြီး တင်ပြရန် တရားရုံုးက တုံ့ပြန်ပြောဆိုခဲ့သည်။ သူ့အမှုအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ရှေ့နေ ဦးဉာဏ်ဝင်းနှင့် ရှေ့နေ ဦးကြည်ဝင်းတို့က လိုက်ပါဆောင်ရွက်ပေးနေသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့တွင် ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်တောခိုခဲ့ပြီး အမေရိကန်နိုင်ငံတွင် ပြောင်းရွှေ့အခြေချခဲ့သည့် သူသည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်လာခဲ့ပြီး “ပြည်တွင်း၌ ဆူပူမှုများ အချိန်ကိုက် ဆောင်ရွက်နိုင်ရန်” လုပ်ဆောင်ခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းတွင် ပြောဆိုစွပ်စွဲခဲ့သော်လည်း တရားစွဲဆိုသည့်အခါ ရာဇဝတ်မှုများဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြနေသည်ကို ရန်ကုန်ရှိ အမေရိကန်သံရုံးသို့ သွားရောက်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် သူ့ကျန်းမာရေးအတွက် စိုးရိမ်နေကြောင်း ဒေါ်ခင်ခင်ဆွေက ပြောသည်။
''အန်တီတို့ စိုးရိမ်နေတယ်။ သူ့ပုံစံကြည့်ရတာ အရမ်းအားနည်းတယ်။ အရမ်းနွမ်းနေတယ်။ တောင်းဆိုချက်တွေ အားလုံးရမှ ပြန်စားမယ်တဲ့။ အမေရိကန်က မသိသေးဘူး။ ခုမှ အကြောင်းကြားလိုက်မယ်။ သူလုပ်တာ အားလုံးအတွက် လုပ်တာ၊ ထမင်းစားဖို့အတွက် အသက်ရှင်တာ မဟုတ်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။
ထောင်ဝင်စာ တွေ့ဆုံခွင့်ရရှိသည့် မိနစ် ၂၀ ခန့်တွင် ထောင်အာဏာပိုင်များက အနီးကပ် စောင့်ကြည့်၍ ရေးသား မှတ်တမ်းတင်ခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)