ရန်ကုန် (မဇ္စျိမ)။ ။ အထိုင်ဖုန်း Hand Set နှင့် လက်ကိုင် Hand Set နှစ်မျိုးလုံးနှင့် တွဲဖက်သုံးစွဲနိုင်မည့် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်းအသစ်များ ထပ်မံချပေးမည် ဟူသည့် သတင်းကြောင့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူအများ စိတ်ဝင်စားနေကြသည်။
ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးနှင့် နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းရုံးသို့ လိပ်မူထားသော ဖုန်းလျှောက်လွှာများကို ဝယ်ယူလျှောက်ထားသူ များပြားနေပြီး တယ်လီဖုန်းလျှောက်လွှာ ရောင်းချသူများလည်း အလုပ်ဖြစ်နေသည်။
သို့သော် ရန်ကုန်နှင့် မန္တလေးတွင် CDMA ၈၀၀ မီဂါဟတ်ဇ် ဖုန်းအလုံးရေ တသိန်းခွဲ ချပေးမည်ဟူသော သတင်းကို ရန်ကုန်အခြေစိုက် ဂျာနယ်များတွင် ဖော်ပြခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင်မူ တရားဝင် ညွှန်ကြားစာ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။
''ရန်ကုန်မှာ အလုံးရေ တသိန်း၊ မန္တလေးမှာ ၅ သောင်း ချပေးမယ်ဆိုတာပဲ သိရပါတယ်။ လောလောဆယ် ဌာနတွင်းမှာတော့ တရားဝင် စာမထွက်သေးပါဘူး။ စပြီးထုတ်ပေးမယ့် ကာလကိုလည်း အတိအကျ မသိရသေးပါဘူး။ ရွှေဂုံတိုင်စခန်း လိပ်စာနဲ့ လျှောက်လွှာတွေကတော့ အများကြီး ရောက်နေပါပြီ'' ဟု သူက ပြောဆိုသည်။
ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကျပ် ၅ သိန်းဟူသည့် စျေးနှုန်းကို လူအများ စိတ်ဝင်စားနေသကဲ့သို့ နေ့စဉ် လျှောက်လွှာတင်သူ များပြားကြောင်း ပန်းဆိုးတန်း မြန်မာ့ဆက်သွယ်ရေးရုံး အနီးဝန်းကျင်မှ လျှောက်လွှာရောင်းချသူများကပါ ပြောဆိုကြသည်။
''ရွှေဂုံတိုင်နဲ့ နေပြည်တော် လျှောက်လွှာနှစ်စောင်၊ စာအိတ်နှစ်အိတ်ကို ၃ဝဝ ရောင်းတယ်။ အရင်ရက်တွေက တစုံ ၅၀၀ လောက်အထိ ရောင်းလိုက်ရသေးတယ်။ တရက် အစုံ ၁ဝဝ၊ ၁၅ဝ လောက် ရောင်းရတယ်။ လောလောဆယ်တော့ ဒီရုံးပတ်ဝန်းကျင်က ဆိုင်တွေ ဒီလျှောက်လွှာနဲ့ အလုပ်ဖြစ်နေကြတယ်'' ဟု ဖုန်းလျှောက်လွှာမျိုးစုံ ရောင်းချသည့် ဆိုင်တဆိုင်က ဆိုသည်။
ယခုရောင်းချမည့် CDMA ၈၀၀ ဖုန်းများမှာ SIM card ထည့်သွင်းအသုံးပြုရသည့် အမျိုးအစားဖြစ်ပြီး၊ မြို့နယ်အလိုက် ပမာဏများ အသီးသီး သတ်မှတ်ရောင်းချပေးမည်ဖြစ်ကာ သက်ဆိုင်ရာ မြို့နယ်ဧရိယာထက် ကျော်လွန်သယ်ဆောင်သွားနိုင်ခြင်း မရှိကြောင်း သိရသည်။
''အရင် CDMA နဲ့ WCDMA ဖုန်းတွေလို နေရာတကာ ယူသွားလို့ မရပါဘူး။ မြို့နယ်တွေအလိုက် ဆဲလ်ကုဒ်တွေ ထားပြီးတော့ မြို့နယ်အိတ်ချိန်းအောက်ကပဲ လိုင်းတွေ ပြန်ခွဲသွားမှာပါ။ ထုတ်ပေးတဲ့ မြို့နယ်ကျော်ပြီး ယူသွားရင် ဆက်လို့ရမှာ မဟုတ်ပါဘူး။ ဆဲလ်ကုဒ်တွေကို ကန့်သတ်ထားတဲ့အတွက် ဒီမြို့နယ်ကဖုန်းက နောက်တမြို့နယ်က ဆဲလ်ကို မသိနိုင်ပါဘူး'' ဟု ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။
CDMA ၈ဝဝ မီဂါဟတ်ဇ်ဖုန်းတွင် ဂဏန်း ရ လုံး ပါဝင်မည်ဟု သိရပြီး၊ ခေါ်ဆိုခနှုန်းမှာ မြို့တွင်းအထွက် တမိနစ် ၃၀ ကျပ်နှင့် အဝင်အခမဲ့ဖြစ်ကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့တွင်း ကြိုးဖုန်းစျေးနှုန်းများထက် ပိုမိုသက်သာနေသောကြောင့် ယခုကဲ့သို့ လူအများ စိတ်ဝင်စားနေကြခြင်းဖြစ်ပြီး အများစုမှာ တဆင့်ပြန်လည်ရောင်းချခြင်းဖြင့် အမြတ်အစွန်း ရရှိနိုင်ရန် ရည်ရွယ်ထားကြကြောင်း သိရှိရသည်။
''၅ သိန်းဆိုတဲ့ စျေးနဲ့တော့ မရှုံးနိုင်လောက်ဖူး ထင်ပါတယ်။ ဟိုးအရင် CDMA အထိုင်ဖုန်းတွေတုန်းကလိုပဲ အပြင်ပေါက်စျေး မြင့်သွားနိုင်တယ်။ ကြိုးဖုန်းတွေက မြို့နယ်အလိုက် အနည်းဆုံး သိန်းအစိတ်လောက်ကနေ သိန်း ၄၀ လောက်အထိ ရှိနေတယ်ဆိုတော့ ဒီဖုန်းကို အိမ်ဖုန်းအနေနဲ့ သုံးရင်တောင် တန်ပါတယ်။ အရင်းနည်းနည်းနဲ့ ဖုန်းဆိုင်ဖွင့်လို့လည်း ရတာပေါ့'' ဟု လျှောက်လွှာတင်ထားသူတဦးက ဆိုသည်။