နယူးဒေလီ (မဇ္စျိမ)။ ။ မုန်တိုင်းသင့် ဧရာဝတီတိုင်းတွင် ကျပ်ငွေ သိန်း ၁၅၀ ခန့် အကုန်ကျခံ၍ သောက်ရေတွင်းများ တူးဖော်လှူဒါန်းသွားမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကျေးရွာများတွင် သောက်ရေသန့် ရရှိရေးအတွက် ကျပ်သိန်း ၂ဝ ခန့် ကုန်ကျမည့် သောက်ရေတွင်း ၈ တွင်းအထိ တူးဖော်ရန် စီစဉ်ထားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က မဇ္စျိမကို ပြောဆိုသည်။
“အခုလောလောဆယ် ၂ တွင်း တူးဖို့ မှန်းထားတယ်။ ဘိုကလေးမြို့နယ်ထဲက ရွာတွေမှာ တူးမှာပါ။ နေရာတွေတော့ မသတ်မှတ်ရသေးဘူးဗျ။ တတွင်းကို သိန်း ၂၀ လောက်ကုန်မယ် ခန့်မှန်းထားတယ်။ အလိုအပ်ဆုံး နေရာတွေမှာ ရ တွင်း၊ ၈ တွင်းလောက်အထိ တူးသွားဖို့ရှိတယ်” ဟု သူက ပြောသည်။
NLD အနေဖြင့် နာဂစ်သင့် ဒေသများသို့ ကူညီနေသည့် လုပ်ငန်းများ တနှစ်ခန့် ရပ်နားခဲ့ရပြီးနောက် ယခုတဖန် ရေတွင်းတူးကာ အကူအညီပေးမည့်လုပ်ငန်း စတင်လိုက်ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် မေလဆန်းပိုင်းမှ စတင်ခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းများကို ထိုနှစ် အောက်တိုဘာလတွင် ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သူ နာဂစ်ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် ဖမ်းဆီးခံရခြင်းနှင့် အလှူငွေ ပြတ်လပ်ခဲ့ခြင်းကြောင့် လုပ်ငန်းများရပ်တန့်ခဲ့ရပြီးနောက် ၁၃ လအကြာတွင် ပြန်လည်စတင်နိုင်ခြင်း ဖြစ်သည်။
လေဘေးဒုက္ခသည်များအတွက် လှူဒန်းမည့် ငွေကြေးရန်ပုံငွေများကို ပြည်နယ်နှင့် တိုင်းများရှိ ပါတီဝင်များ၏ အကူအညီဖြင့် ပေးနေခြင်းသာဖြစ်ကြောင်း ဒေါက်တာဝင်းနိုင်က ပြောသည်။
သူက “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေမှာ ပြည်ပအထောက်အပံ့ကို ခံယူခဲ့ရင် ပါတီအဖြစ်ကနေ ဖျက်သိမ်းနိုင်တယ်လို့ ပါရှိတော့ ပြည်ပက ကူညီထည့်ဝင်ချင်တဲ့လူတွေ ရှိခဲ့ရင်တောင်မှ ကျနော်တို့က လက်ခံလို့ မရပါဘူး။ ဒီငွေတွေဟာ ပြည်တွင်းက ပြည်နယ်နဲ့ တိုင်းအဖွဲ့ဝင်တွေရော တခြားစေတနာရှင်တွေရော ဝိုင်းဝန်း စုပေါင်းကူညီထားတဲ့ ငွေပမာဏနည်းနည်းလေးကို အခက်အခဲတွေကြားထဲကနေ ခြစ်ခြစ်ခြုပ်ခြုပ် လုပ်နေကြရတာပါ” ဟု ပြောဆိုသည်။
အဖွဲ့ဝင် ၁၇ ဦးပါ နာဂစ်ကယ်ဆယ်ရေး ကော်မတီကို နာဂစ်မုန်တိုင်းဖြစ်ပွားသည့် ၂၀၀၈ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးအုန်းကြိုင်၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးသန်းဝင်းနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့က ဦးဆောင်တာဝန်ယူထားသည်။
မုန်တိုင်းအပြီး ၆ လတာအတွင်း ဧရာဝတီတိုင်း ဘိုကလေး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းစသည့် ဒေသများတွင် ငွေကြေး၊ အဝတ်အစား၊ ဆီ၊ ဖိနပ်၊ မိုးကာဖျင်နှင့် ဆေးဝါးများကို မုန်တိုင်းသင့်များကို ကူညီခဲ့ပြီး ရေငန်ဝင်သဖြင့် ပျက်စီးခဲ့ရသော မိုးရေခံသည့်သောက်ရေကန် ၁ဝဝ ခန့်ကိုလည်း ဆယ်ယူပြုပြင်ပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့က နိုင်ငံရေးကိစ္စတွေ လုပ်နေသော်လည်း လူမှုရေးကိစ္စတွေမှာလည်း တာဝန်ရှိတယ်လို့ ခံယူပြီးတော့ ကိုယ့်ပြည်သူတွေရဲ့ ရေအခက်အခဲ၊ စားနပ်ရိက္ခာ၊ နေစရာအခက်အခဲ စတာတွေကို ကိုယ်နိုင်သလောက် ကူညီပေးနိုင်တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ ဝမ်းသာတယ်၊ ဂုဏ်လည်း ယူတယ်ပေါ့ဗျာ” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် အာဏာပိုင်တို့၏ တားဆီးနှောင့်ယှက်မှုများ ရှိနေသည်။
“နာဂစ်ဖြစ်ပြီးကာလပေါ့။ မိန်းမလှကျွန်းအရှေ့ဘက်နားကရွာမှာ သွားကူညီတော့ ထောက်လှမ်းရေးနဲ့ ရဲတွေက ယူနီဖောင်းတွေနဲ့ နောက်ကမော်တော် ၂ စီးနဲ့ လိုက်လာတော့ ရွာသားတွေက ကျနော်တို့ကူညီတဲ့ ပစ္စည်းတွေကို ဘယ်သူမှ လာမယူရဲဘူး။ မောင်းထုတယ်။ လာယူပါလို့ ခေါ်တယ်။ ကြောက်လို့ ဘယ်သူမှ လာမယူကြဘူး။ တချို့ရွာတွေမှာဆိုရင် ကျနော်တို့ကို လက်ခံထမင်းကျွေးတဲ့ အိမ်ရှင်တွေကို ခင်ဗျားက သူတို့နဲ့ ဘယ်တုန်းက သိတာလဲ။ ဘာလို့ လက်ခံတာလဲဆိုပြီး ရစ်တာပေါ့ဗျာ။ အဲလိုအခက်အခဲတွေ ရှိတယ်ဗျ” ဟု သူက ပြောသည်။
စစ်အစိုးရက အတိုက်အခံပါတီ NLD သာမက အခြား လူမှုအဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်များ၏ နာဂစ်ကူညီရေး လုပ်ငန်းများကို တားဆီးမှု၊ ဖမ်းဆီးအရေးယူများ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့နှင့် နီးစပ်သည့် အဖွဲ့အစည်းများကိုမူ လွတ်လပ်စွာ သွားလာလှူဒါန်းခွင့်များ ပေးခဲ့သည်။
စစ်အစိုးရ၊ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော နာဂစ်ပြန်လည်ထူထောင်ရေး သုံးပွင့်ဆိုင်အဖွဲ့က ယခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်တွင် ကျင်းပသည့် အစည်းအဝေး၌ ဒုက္ခသည်များကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ ၁၀၃ သန်း ထပ်မံလိုအပ်နေကြောင်း ပြောဆိုခဲ့ကြသည်။
အဆိုပါ လိုအပ်ငွေများမှာ ဒုက္ခသည်များအတွက် အိမ်သစ် ၁၇၈၀၀ လုံး၊ စာသင်ကျောင်း ၄၀ ကျောင်းနှင့် မုန်တိုင်းလာလျှင် ခိုအောင်းနိုင်ရန် မုန်တိုင်းခို အဆောက်အဦး ၁၆ ခု တည်ဆောက်ရေး၊ လူဦးရေ တသန်းအတွက် အလုပ်အကိုင် ဖန်တီးရေးနှင့် လူ ၈ သိန်းအတွက် ရေနှင့် မိလ္လာစနစ် ကောင်းမွန်စေရေး ပံ့ပိုးပေးရန် ဖြစ်သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် အလှူရှင်များ အစည်းအဝေးတွင် သြစတြေးလျား၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ နယ်သာလန်၊ ဥရောပကော်မရှင်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ထိုင်း၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုတို့က အမေရိကန်ဒေါ်လာ ၈၈ သန်း လှူဒါန်းမည်ဟု သဘောတူခဲ့သည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးခဲ့ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)