နယူးဒေလီ။ ။ တောင်အာရှ အမျိုးသမီးများနေ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဒေလီတက္ကသိုလ်တွင် ယမန်နေ့က ကျင်းပရာ မြန်မာအမျိုးသမီးများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
Sangat (a network of South Asian Network of Feminists) ဦးဆောင်ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ထိုင်း၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်ှ်၊ သီရိလင်္ကာ၊ တိဘက်နှင့်အတူ မြန်မာအမျိုးသမီး အခွင့်အရေးလှုပ်ရှားသည့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကပါ တက်ရောက်၍ သွေးစည်းညီညွတ်မှု ပြသခဲ့ခြင်း ဖြစ်သည်။
ကိုယ်စားလှယ်ပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ရာ ၎င်းတို့နိုင်ငံတွင် ဖြစ်ပွားနေသော အမျိုးသမီး အခွင့်အရေး အခြေအနေများ တင်ပြဆွေးနွေးခဲ့ကြပြီး၊ ယဉ်ကျေးမှု အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကာ တောင်အာရှတွင် ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး ထွန်းကားနိုင်ရန် ရည်ရွယ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာတိုင်းရင်းသားဒေသများ၌ စစ်တပ်က အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခဲ့သည့်အကြောင်း ကာယကံရှင်များ၏ ထွက်ဆိုချက်များ ပါဝင်သည့် 'အမှောင်လွမ်းသော တပ်မတော်မှ ဂုဏ်ပြုထိုက်သော တပ်မတော်သို့' အမည်ရှိ ဗီဒီယိုခွေကို WLB က ပြသခဲ့သည်။
“အဓိက စစ်ဝါဒ ကြီးစိုးနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေရတာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်မှာ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို ဖမ်းဆီးထောင်ဒဏ် အပြစ်ပေးတာတွေ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိတဲ့အထဲမှာ အမျိုးသမီး ၁၀၀ ကျော် အဖမ်းခံနေရတယ်” ဟု WLB သဘာပတိအဖွဲ့ဝင် မသင်းသင်းအောင်က မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံတွင် တရားမျှတမှုများ ရရှိလာရေးအတွက် တောင်အာရှဒေသရှိ အမျိုးသမီးအားလုံး သွေးစည်းညီညွတ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း WLB က အခမ်းအနားတွင် ပြောဆိုခဲ့သည်။
(မြင့်မောင် သတင်းပေးပို့သည်။)