ဝန်ကြီးချုပ်က ကြံ့ဖွံ့ခေါင်းဆောင်များကို ကျောသပ်ဂုဏ်ပြု

ဝန်ကြီးချုပ်က ကြံ့ဖွံ့ခေါင်းဆောင်များကို ကျောသပ်ဂုဏ်ပြု
စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအစည်းအရုံး ခေါင်းဆောင်များကို ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံတော်အတွက် လူမှုရေးလုပ်ငန်းများ ဆက်လုပ်သွားရန် ...

နယူးဒေလီ။       ။ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအစည်းအရုံး ခေါင်းဆောင်များကို ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံတော်အတွက် လူမှုရေးလုပ်ငန်းများ ဆက်လုပ်သွားရန် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အားပေးတိုက်တွန်းခဲ့သည်။

မြန်မာပြည်အလယ်ပိုင်း လယ်ဝေးမြို့တွင် နိုင်ငံတဝှန်းမှ ကြံ့ဖွံ့ခေါင်းဆောင် ရဝဝ ခန့်ဖြင့် ကျင်းပသည့် နှစ်ပတ်လည် အသင်းအစည်းအဝေး ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးကို အသင်း၏ အထွေထွေ အတွင်းရေးမှူးဖြစ်သည့် စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက ဦးဆောင်ကျင်းပနေကာ သောကြာနေ့တွင် ညစာစားပွဲဖြင့် အဆုံးသပ်မည်ဖြစ်သည်။

''ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ သောကြာနေ့ ညစာစားပွဲမှာ လာတက်မယ်လို့ မျှော်လင့်ရတယ်။ အခုထိတော့ ပေါ်မလာသေးဘူး'' ဟု လယ်ဝေးမြို့နယ် ကြံ့ဖွံ့အသင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကြံ့ဖွံ့ လူမှုရေးအသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းမည်ဟု သတင်းများ ပေါ်ထွက်နေသော်လည်း မြို့နယ်နှင့် တိုင်းအဆင့်ရှိ အတွင်းရေးမှူးများ တက်ရောက်နေသည့် လက်ရှိ အစည်းအဝေးတွင် ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မရှိကြောင်း သူက ဆိုသည်။

''နိုင်ငံရေးပါတီအနေနဲ့ ပြောင်းလဲဖို့ဆိုတာမျိုးတော့ စည်းဝေးပွဲမှာ ဆွေးနွေးတာ မရှိပါဘူး။ ပြောင်းဖွဲ့မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အထက်က ညွှန်ကြားတာတွေလည်း မရှိပါဘူး'' ဟု သူက ပြောသည်။ မည်သည့် အထက်ဆိုသည်ကိုမူ သူက ရှင်းပြရန် ငြင်းဆိုသည်။

ကြံ့ဖွံ့အသင်းကို စစ်အစိုးရ၏ ရုပ်သေးရုပ်အဖြစ် လူသိများပြီး စစ်ခေါင်းဆောင်များ၏ အမိန့်များအတိုင်း အကောင်အထည် ဖော်ကြရသည်။

စစ်အစိုးရ စီစဉ်ထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲများတွင် ကြံ့ဖွံ့သည် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်း၍ ပါဝင်ရန် အလားအလာမရှိကြောင်း ပြည်ပအခြေစိုက် မြန်မာတက်ကြွလှုပ်ရှားသူများက ခန့်မှန်းနေကြသည်။

လူမှုရေးအသင်းအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကာ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် စစ်အစိုးရ လိုလားသည့် ပါတီကို ကျောထောက်နောက်ခံ ပေးလိမ့်မည်ဟု ယုံကြည်နေကြသည်။  

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၃ ခုနှစ်တွင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် နအဖ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးတို့က အဖွဲ့နာယကများဖြစ်သည်။ နိုင်ငံသားဦးရေ သန်း ၅ဝ ကျော်အနက် အဖွဲ့ဝင်ပေါင်း သန်း ၂ဝ ကျော်ရှိသည်ဟု ဆိုသည်။

ဤအသင်းကို စစ်အစိုးရက မရှိမဖြစ် လိုအပ်နေပြီး ၂ဝဝ၇ ခုနှစ်တွင် လောင်စာဆီ စျေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြပွဲများကို နှိမ်နင်းရာ၌လည်း အသုံးပြုခဲ့သေးသည်။ သူတို့က လမ်းပေါ်တွင် ဆန္ဒပြနေသူများကို နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် လမ်းများကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ၂ဝဝ၃ ခု မေလတွင် အထက်မြန်မာပြည်သို့ စည်းရုံးရေးခရီးထွက်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး အကြမ်းဖက် တိုက်ခိုက်ခဲ့ရာတွင် ကြံ့ဖွံ့များလည်း ပါဝင်ခဲ့သည်ဟု သတင်းများ ပေါ်ထွက်ခဲ့သည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)