ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းသင့် ဧရာဝတီတိုင်းသည် ၁၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လေဘေး ဒုက္ခသည်များအတွက် ဆေးဝါးအထောက်အပံ့များ လိုအပ်နေဆဲဖြစ်ကြောင်း အတိုက်အခံ လွှတ်တော်အမတ် ဒေါက်တာအေးကြူက ပြောသည်။
မုန်တိုင်းတိုက်ခတ်မှုအတွင်း လူဦးရေ ၁ သိန်း ၄ သောင်းထက်မနည်း သေဆုံးခဲ့ရကာ လူပေါင်း ၂ သန်းခွဲခန့်ရှိ လေဘေးဒုက္ခသည်များအတွက် စောင့်ရှောက်သည့် အဖွဲ့အစည်းများ ရှိနေသော်လည်း အများအားဖြင့် ကျန်းမာရေးအတွက် လိုအပ်ချက်များ ရှိနေခြင်းဖြစ်သည်။
''အခု ဒီဘက်က ကျေးရွာတွေမှာဆိုရင် ကလေးမမွေးနိုင်လို့ သေဆုံးတဲ့ အမျိုးသမီးတွေ၊ ကလေးပျက်ကျတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ ပြင်စလူ၊ ဘိုကုန်း၊ သင်္ဃန်းကြီး၊ တီတွတ်နဲ့ ကန်ဘဲ့ ကျေးရွာတွေမှာဆိုရင် အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေကြတယ်'' ဟု နာဂစ်ဒုက္ခသည်များကို ဆေးဝါးကုသပေးနေသည့် လပွတ္တာမြို့နယ် အန်အယ်ဒီ အမတ် ဒေါက်တာ ဦးအေးကြူက မဇ္စျိမကို ပြောသည်။
ကိုယ်ဝန်ပျက်ကျသည့် အမျိုးသမီးအရေအတွက်လည်း မြင့်တက်နေကြောင်းနှင့် နာဂစ်ဒဏ်ခံခဲ့သည့် ကျေးရွာအများစုတွင် ဆရာဝန်နှင့် ဆေပေးခန်း မရှိကြောင်း သူက ပြောသည်။
''ကျေးရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုက ၂ဝ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တကယ်တမ်းကျ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ကျေးရွာလူထုတွေကျ မတတ်သာတော့မှ ပဲ့ထောင်လေး စုငှားကြပြီးတော့ လပွတ္တာဆေးရုံကို ရောက်ကြတယ်။ ကျေးလက်နေလူထုရဲ့ ၂ဝ-၂၅ ရာခိုင်နှုန်းလောက်သာ မြို့ပေါ်ကို တက်ရောက်ကုသနိုင်တယ်'' ဟု ဒေါက်တာဦးအေးကြူက ဆိုသည်။
ဘိုကလေးမြို့နှင့် ဝေးလံခေါင်သီသော နာဂစ်ဒဏ်ခံရသည့် ကျေးရွာများမှ ရွာသူရွာသား အများစုမှာ သွားလာစရိတ်ကြီးမြင့်မှုနှင့် ဆေးကုခငွေ ဒဏ်ကြောင့် အရေးပေါ် အခြေအနေတွင် မြို့ပေါ်တက်၍ ဆေးကုသနိုင်ရေး အခက်အခဲ တွေ့ကြရသည်။
ဘိုကလေးမြို့ခံတဦးက ''ကျနော့်မရီး ဟိုတလောက ဆေးရုံတက်တယ်။ တက်တက်ချင်းပဲ ၅ဝဝဝ ပေးရတယ်။ ခွဲစိတ်ခန်းဝင်ရင် မီးစက်မောင်း ရမယ်ဆိုတော့ နောက်ထပ် ၆ဝဝဝ ပေးရတယ်။ ခွဲစိတ်ခန်းဝင်တော့ သုံးသောင်းခွဲ ပေးရတယ်။ နောက် သန့်ရှင်းရေးကြေးကျတော့ ၂၈ဝဝဝ။ ဆေးထိုးအပ်၊ ဆေးသွင်းပိုက်တွေကလည်း အပြင်ကနေ ဝယ်ရတယ်'' ဟု ဆိုသည်။
နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ (NGO) များက အစားအသောက်နှင့် ပညာရေးအထောက်အပံ့များ ဆက်လက် ထောက်ပံ့ပေးနေသော်လည်း၊ အချို့က ပရောဂျက်များကို ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။
နိုင်ငံတကာ အလှူရှင်များအနေနှင့် နာဂစ်ဒုက္ခသည်များအတွက် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၈၈ သန်းကို လှူဒါန်းမည်ဟု သဘောတူညီထားကြသည်။ သြစတြေးလျား၊ ဒိန်းမတ်၊ ဂျာမဏီ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ နယ်သာလန်၊ ဥရောပကော်မရှင်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ထိုင်း၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုက အဆိုပါ ငွေပမာဏကို နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းရန် သဘောတူညီခဲ့သည်။
ငွေများကို အိမ်သစ် ၁၇၈ဝဝ တည်ဆောက်ပေးရန်၊ စာသင်ကျောင်း ၄ဝ ကျောင်းနှင့် မုန်တိုင်းလာလျှင် ခိုအောင်းနိုင်ရန် သက်ကယ်ရိပ်သာ ၁၆ ခု တည်ဆောက်ရေးနှင့် လူ တသန်းအတွက် အလုပ်အကိုင် ဖန်တီးရေး အစီအစဉ်များနှင့် လူ ၈ သိန်းအတွက် ရေနှင့် မိလ္လာစနစ်တို့ ပံ့ပိုးပေးရေးတွင် သုံးစွဲရန်ဖြစ်သည်။
သို့သော် စစ်အစိုးရ၊ ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော နာဂစ်ပြန်လည်ထူထောင်ရေး သုံးပွင့်ဆိုင်အဖွဲ့က ဇူလိုင်လအထိ လိုအပ်ငွေမှာ အမေရိကန်ဒေါ်လာ ၁၃၅ သန်းဟု တောင်းခံထားရာ လှူတန်းငွေမှာ လျော့နည်းနေသည်။
ယခုနှစ်အစောပိုင်းက သုံးပွင့်ဆိုင်အဖွဲ့က ၃ နှစ်စာအတွက် ဒေါ်လာသန်း ၆၉ဝ ကျော်လိုအပ်မည်ဟု ပြောဆိုထားသည်။
၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းကို တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးခဲ့ရပြီး လူပေါင်း ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။