နယ်စပ်မှ ဝင်လာသည့် အရက်၊ ဘီယာများအား တရားမဝင်ဟု ဆိုကာ မြန်မာဂိတ်က သိမ်းဆည်း

နယ်စပ်မှ ဝင်လာသည့် အရက်၊ ဘီယာများအား တရားမဝင်ဟု ဆိုကာ မြန်မာဂိတ်က သိမ်းဆည်း
by -
အာကာ
ထိုင်းနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည့် အရက်၊ ဘီယာများအား တရားမဝင် တင်သွင်းသည်ဟု အကြောင်းပြပြီး ပြည်တွင်းပိုင်း စစ်ဆေးရေးဂိတ်တို့က သိမ်းဆည်းနေ ...

ထိုင်းနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည့် အရက်၊ ဘီယာများအား တရားမဝင် တင်သွင်းသည်ဟု အကြောင်းပြပြီး ပြည်တွင်းပိုင်း စစ်ဆေးရေးဂိတ်တို့က သိမ်းဆည်းနေကြောင်း ကုန်သည်များက ပြောသည်။

ကုန်သည်တစ်ဦးက "မြဝတီကနေ ရန်ကုန်ကို ပို့တဲ့အရက်၊ ဘီယာတွေကို သိမ်းတာ၊ သက်တမ်းကုန်ဆုံးနေတယ်။ တရားမဝင်ဘူး ဆိုပြီး ကျိုက်ထိုအထွက် စစ်ဆေးရေးဂိတ်က အကုန်ဆွဲချတာ။ အမှန်က သက်တမ်းကုန်သေးတာ မဟုတ်ဘူးဗျ။ အရင်ကလည်း သွင်းနေကျဘဲလေ။ ကားအစီးလိုက် သိမ်းခံရတာ။ တစ်စီးဆိုရင် တန်ဖိုး သိန်းရာချီ ရှိတယ်" ဟု ပြောသည်။

ထိုင်းနိုင်ငံထုတ် အရက်၊ ဘီယာအမျိုးမျိုးကို မြဝတီ၊ ဘုရားသုံးဆူ နှင့် ကော့သောင်း စသည့်နယ်စပ်မှတဆင့် မြန်မာအာဏာပိုင်တို့နှင့် နားလည်မှု ယူပြီး တင်သွင်းနေသည်။

တစ်ခါတစ်ရံ၌ အခွန်ငွေ မပေးခြင်းကြောင့် ဒေသခံ မြန်မာအာဏာပိုင်တို့၏ ခေတ္တ သိမ်းယူးထားသည်များ ရှိသော်လည်း လိုအပ်သည့် ငွေကြေး ပေးဆောင်ပြီးပါက ပြန်လည် ထုတ်ယူနိုင်ကြောင်း အထက်ပါကုန်သည်က ဆိုသည်။

ရန်ကုန်မြို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ (FDA) မှ ဝန်ထမ်းတစ်ဦးက "နယ်စပ်ကနေ ဝင်လာတဲ့ အရက်၊ ဘီယာတွေက အရည်အသွေးနဲ့ သက်တမ်း အာမခံချက် မရှိဘူးဆိုတာ လွန်ခဲ့တဲ့အပတ် ပြည်တွင်းက မြန်မာနယူးစ်ဝိခ် ရေးထားတာတော့ တွေ့တယ်။ ဒါပေမယ့် ဖမ်းဆီး၊ သိမ်းဆည်းတဲ့အထိတော့ ကျနော်တို့ကနေ ညွှန်ကြားတာ မရှိသေးဘူး။ သက်တမ်းကုန်နေတဲ့ ဘီယာ၊ အရက်တွေ ပါနေတယ်။ ဒါကို မသောက်သုံးကြပါနဲ့လို့ သတိပေးတာလောက်တော့ ရှိတယ်" ဟု ပြောကြားသည်။

"Only For Export" စာတမ်းပါသည့် ထိုင်းနယ်စပ်မှ ဝင်လာသည့် ဘီယာများသည် ထိုင်းနိုင်ငံတွင်း ရောင်းသည့် တံဆိပ်တူ ဘီယာများထက် အရည်အသွေး အနည်းငယ် နိမ့်ကျသော်လည်း သုံးစွဲနိုင်သည့် သက်တမ်း ပိုမိုကြာမြင့်စေရန် စီမံထုတ်လုပ်ထားသည်။ စျေးနှုန်းမှာမူ ထိုင်းနိုင်ငံတွင်း ရောင်းသည့် ဘီယာများထက် တဝက်နီးပါး လျော့ကျသည်။

နယ်စပ်တွင် ဘီယာ (၂၄) ဘူး စက္ကူပုံးတစ်ပုံးလျှင် ကျသင့်ငွေ (၁၃၀၀၀) ကျပ် (ဘတ်ငွေ၄၀၀ ကျော်) ရှိပြီး မြဝတီနယ်စပ်လမ်းတစ်ခုတည်းမှ စက္ကူပုံးပေါင်း (၄၀၀၀) မှ (၈၀၀၀) ကြား နေ့စဉ် တင်ပို့နေရကြောင်းနှင့် ရန်ကုန် အရောက် တင်သွင်းနိုင်ပါက အမြတ် (၂) ဆကျော် ရရှိကြောင်း အခြားကုန်သည်တစ်ဦးက ဆိုသည်။

နယ်စပ်မှ တင်သွင်းသည့် အရက်များအနက် ရီဂျင်စီ (Regency) မှာ မြန်မာပြည်တွင်းတွင် ဝယ်လိုအား အကောင်းဆုံး ဖြစ်သည်။ အများဆုံး တင်သွင်းသည့် ဘီယာများမှာ ဆင်တံဆိပ်၊ ကျားသစ်တဆိပ်၊ ခြင်္သေ့ တံဆိပ်တို့ ဖြစ်ပြီး မော်လမြိုင်နှင့် ဘားအံမြို့ပေါ်တွင် မြန်မာဘီယာတို့နှင့် စျေးနှုန်း မကွာခြားဘဲ တစ်ဗူး (၁၂၀၀) ကျပ်ဖြင့် အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်သည်။

Most read this week