ဖြူးဆရာတော် ရုပ်ကလာပ်ကို ရေဝေးတွင် သဂြုႋဟ်မည်

ဖြူးဆရာတော် ရုပ်ကလာပ်ကို ရေဝေးတွင် သဂြုႋဟ်မည်
by -
ခိုင်စု
နိုင်ငံတော် ဓမ္မကထိက ဆရာတော် ဘဒ္ဒန ္တနရပတိ (ဖြူးဆရာတော်) ၏ အန္တိမ စျာပန အခမ်းအနားကို ယခုလ ၃၀ ရက်နေ့တွင် ရေဝေးသုသာန်၌ ပြုလုပ်ကာ မီးသဂြုႋဟ်၍ ဂူသွင်းမည် ...

နယူးဒေလီ (မဇ္စျိမ)။      ။ နိုင်ငံတော် ဓမ္မကထိက ဆရာတော် ဘဒ္ဒန ္တနရပတိ (ဖြူးဆရာတော်) ၏ အန္တိမ စျာပန အခမ်းအနားကို ယခုလ ၃၀ ရက်နေ့တွင် ရေဝေးသုသာန်၌ ပြုလုပ်ကာ မီးသဂြုႋဟ်၍ ဂူသွင်းမည်ဟု သိရသည်။

နတ်နှင့် ဂိုဏ်းဆရာ ကိုးကွယ်မှုသည် အယူမှားများဖြစ်ကြောင်း ရဲဝံ့စွာ ဟောကြားတော်မူခဲ့သည့် ဆရာတော် (သက်တော် ၆၈ နှစ်) ၏ စျာပနပွဲရက်ကို ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ ဖြူး မဟာစည် သာသနာ့ရိပ်သာမှ ဒု-ကျောင်းထိုင်ဆရာတော် ဦးစန္ဒက မဇ္စျိမကို မိန့်ကြားခြင်း ဖြစ်သည်။

“နိုဝင်ဘာ ၃၀ မှာ စျာပနအခမ်းအနား လုပ်မယ်။ နေ့လည် ၁ နာရီမှာ ရေဝေးသုသာန်ကိုပို့ပြီး မီးသဂြုႋဟ်မယ်။ ပြီးရင် ပြာကို ဂူသွင်းမယ်။ အခုတော့ ကျောင်းမှာ ဆရာတော်ကို တရားပွဲတွေနဲ့ ပူဇော်နေတယ်” ဟု ဦးစန္ဒက မိန့်သည်။

ဖြူးဆရာတော်ကြီးသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က အစားထိုးကုသခဲ့သည့် ကျောက်ကပ်အတွင်း ပိုးဝင်ရာမှ ယခုလ ၂၄ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ဆေးခန်း၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။ ရုပ်ကလပ်ကို လှိုင်မြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ ရိပ်သာတွင် ယခုအခါ အပူဇော်ခံထားရှိသည်။

“၉ လပိုင်းမှာ ကြို့ထိုးတယ်။ တလနီးပါးကြို့ထိုးတော့ အားနည်းလို့ အားဆေးသွင်းမယ်ဆိုပြီး အာရှတော်ဝင်ကို တလလောက် တက်တယ်။ ကျောက်ကပ်လဲထားတဲ့ လူက အားဆေးသွင်းချင်တိုင်း သွင်းလို့ မရဘူး။ ဖုံထူတဲ့နေရာ၊ လူထူထပ်တဲ့ နေရာ မသွားရဘူး။ ဒါပေမဲ့ ဆရာတော်က လူထောင်သောင်းချီတဲ့ တရားပွဲတွေကို နယ်တကာ လှည့်သွားတယ်။ အဲဒီမှာ ဖုံတွေလည်း ဝင်တယ်။ လူတွေအများကြီးနဲ့ ဆက်ဆံရတဲ့အတွက် အားနည်းပြီးတော့ ကျောက်ကပ်ထဲကို ပိုးဝင်သွားတာ” ဟု ဆရာတော် ဦးစန္ဒက မိန့်ကြားသည်။

ကျောက်ကပ်လဲပြီးချိန်မှ ပြန်လွန်တော်မူချိန်အထိ ထိုင်းနိုင်ငံ ဆေးရုံသို့လည်း မကြာခဏ သွားရောက် ပြသခဲ့ရသေးသည်။

“ဆရာတော်က လာဘ်လာဘတွေ မမျှော်ကိုးဘဲ ဆည်းကပ်ကိုးကွယ်သူ နည်းမှာကိုလည်း မစိုးရိမ်ဘဲနဲ့ မှန်ရာမှန်ကြောင်း ပြောဆိုသွန်သင်ခဲ့တဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်တပါးပါ။ ဆရာတော်ကြီးကို ဆုံးရှုံးခဲ့တဲ့အတွက် နှမြောတသနဲ့ ယူကြံုးမရဖြစ်မိပါတယ်” ဟု ဆရာတော် ဦးစန္ဒက မိန့်ဆိုသည်။

“ဆရာတော်ဘုရားကြီးဟာ ပြည်သူတွေရဲ့ မျက်စိသဖွယ်ပါ။ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးနေတဲ့ နတ်ကိုးကွယ်မှု၊ ဂိုဏ်းဆရာ ကိုးကွယ်မှုတွေဟာ အယူမှားဖြစ်ကြောင်းကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ဟောကြားခဲ့တဲ့ ဆရာတော်ဖြစ်တယ်။ ဆရာတော် ပျံလွန်တော်မူသွားတာဟာ ထေရဝါဒ သာသနာအတွက် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှု တခုပါ”ဟု အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (အိန္ဒိယ) မှ ဥက္ကဋ္ဌ အရှင်ပညာဇောတက မိန့်ကြားသည်။

ဖြူးဆရာတော်ကြီးကို စစ်ကိုင်းတိုင်း ပင်စိမ်းခင်းကျေးရွာ၌ ခမည်းတော် ဦးဘလွင်နှင့် မယ်တော် ဒေါ်ဒေါ်မေတို့က ၁၉၄၁ ခုနှစ်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပြီး၊ မွေးချင်း ၄ ဦးအနက် အငယ်ဆုံး သားဖြစ်သည်။ ပျံလွန်တော်မူသည့် အချိန်တွင် သက်တော် ၆၈ နှစ် (ဝါတော် ၄၉) ရှိပြီ ဖြစ်သည်။

ပဲခူးတိုင်း ဖြူးမြိုနယ်ရှိ မဟာစည်ကျောင်းတိုက်တွင် သီတင်းသုံးပြီး နိုင်ငံအနှံ့ လှည့်လည်၍ တရားဟောရာမှ ဖြူးဆရာတော်အဖြစ် လူသိများလာခဲ့သည်။ 'သွေးနှင့်ရေးသည့် သာသနာ'၊ 'အမေ့ကျေးဇူး မကြေ၊ ငါမသေ' စသည့် တရားတော်များမှာ ထင်ရှားလှသည်။

ဆရာတော်သည် ၁၉၉၀ ခုနှစ်က စတင်ကာ ပျံလွန်တော်မူသည့်အချိန်အထိ အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ ဂျပန်၊ သြစတြေးလျား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း စသည့် နိုင်ငံများသို့ ပြည်ပသာသနာပြု ခရီးစဉ်များ ကြွချီ၍လည်း တရားတော်များ ဟောကြားခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)