နယူးဒေလီ (မဇ္စျိမ)။ ။ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အာဏာပိုင်များက ပြုပြင်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သူမ၏ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ရန်ကုန်တိုင်း၊ မြို့တော်စည်ပင်က နေအိမ် အပေါ်ထပ်ရှိ ဝရံတာတွင် အုတ်စီ အခန်းဖွဲ့၊ ပြင်ဆင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
“အိမ်ပြင်ခွင့်ရတာ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်း ကပါ။ အခုလို အကျယ်ချုပ်ကာလမှာ လက်သမားတွေ သွင်းရေး၊ အလုပ်သမားတွေ သွင်းရေး၊ ပစ္စည်းသွင်းရေး ကိစ္စတွေကို အင်ဂျင်နီယာ၊ ဒေါ်စုနဲ့ ရဲသတင်းတပ်ဖွဲ့တွေ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
“ ဒီအပတ်ထဲမှာပဲ ဒီလုပ်ငန်းကို ကြီးကြပ်ပေးမယ့် ဒေါ်စုနဲ့ သူ့မိ်တ်ဆွေတယောက် (အင်ဂျင်နီယာ) ရယ်၊ အင်ဂျင်နီယာတွေ ဒေါ်စုအိမ်မှာ ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားတယ်ဆိုတာ သိရပါတယ်” ဟု သူက ထပ်ပြောသည်။
နေအိမ် ပြုပြင်ရေးကို ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြုပြင်ရန် အာဏာပိုင်များက သတ်မှတ်ပေးထားကြောင်း သိရသည်။
နေအိမ် ပြုပြင်ခွင့် ပေးလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်း သွားလာခွင့် တင်းကြပ်မှုများ လျော့ပေးခြင်းမျိုး မယူဆကြောင်း သူက ပြောသည်။
၂၀၀၈ ခုနှစ်၊ မေလအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ ပျက်စီးခဲ့သည်ကို အာဏာပိုင်များက ပြုပြင်ခွင့် ပေးခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန် နိုင်ငံသား ဂျွန်ယက်တော တိတ်တဆိတ် ရေကူး ဝင်ရောက်သည်ကို ဧည့်ခံမှုဖြင့် ဆိုင်းငံ့ပြစ်ဒဏ်အပြင် ၁၈ လ ချုပ်နှောင်ခံနေရသည်။