ချင်းမိုင် (မဇ္ဈိမ)။ ။ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီးရေကာတာ စီမံကိန်းသည် ထိုင်း-မြန်မာနှစ်ဖက် ဒေသခံ များကို ထိခိုက်နိုင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် အဖွဲ့တခုဖြစ်သည့် TERRA က ပြောသည်။
“ဒီစီမံကိန်းကြောင့် ဖြစ်လာတဲ့ဆိုးကျိုးက မြန်မာပြည်ဘက်ခြမ်းတွင် မဟုတ်ဘူး။ မဲဟောင်ဆောင်မှာရှိတဲ့ မြစ်တွေရေလျှံလာတာမျိုးတွေ ရှိလာမယ်။ ပြီးတော့ မြစ်ကြောင်းတစ်လျှောက်မှာနေထိုင်ကြတဲ့ ဒေသခံ ကရင်လူထုက ထိုင်းဘက်ကို ရွှေ့ပြောင်းလာကြမှာ” ဟု ထိုင်းအခြေစိုက် TERRA မှ တွဲဖက်ဒါရိုက်တာ မစ္စတန်ရူဒီ က မဇ္စျိမကိုပြောသည်။
TERRA သည် ဟတ်ကြီးရေကာတာ၏ အကျိုးဆက်များကို ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းလေ့လာနေသည်မှာ ၃ နှစ်ခန့်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် TERRA အပါအဝင် ထိုင်းအခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း ၁၈၉ ဖွဲ့ ကိုယ်စားလှယ်များကလည်း ဒေသခံကရင်ရွာသားများနှင့် စုပေါင်း၍ ထိုင်းအစိုးရအနေဖြင့် စီမံကိန်း မှ နှုတ်ထွက်ရန် ထိုင်းအစိုးရ အိမ်တော်ရှေ့၌ ယမန်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြသေးသည်။
ယင်းဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့ကိုယ်စားလှယ် များက ဟတ်ကြီးရေကာတာစီမံကိန်းကြောင်း ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို စာတစောင်ရေးသားကာ ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ဝေ့ချာချီဝ ထံသို့ ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါတောင်းဆိုချက်တွင် စီမံကိန်းကြောင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်လာနိုင်သည့် အပြင် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ ပျက်စီးကာ ဒေသခံလူထု၏ အသက်ရှင် ရပ်တည်ရေးကို ထိခိုက်နိုင်ကြောင်း ပါရှိသည်။
လျှပ်စစ်အား ၁၃၆ဝ မဂါဝပ် ထုတ်နိုင်မည့် ဟတ်ကြီးရေကာတာတည်ဆောက်ရန် မြန်မာ့လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EGAT) နှင့် တရုတ်နိုင်ငံပိုင် Sinohydro ကုမ္ပဏီတို့အကြား ၂ဝဝ၆ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ရေကာတာသည် ထိုင်း-မြန်မာနယ်စပ်မှ ၄၇ ကီလိုမီတာခန့်ကွာဝေးပြီး ကရင်အမျိုးသားအစည်းအရုံး-ကေအန်ယူ လှုပ်ရှားထိန်းချုပ်သည့် နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုင်းနိုင်ငံဘက်တွင်မူ မြောက်ပိုင်းခရိုင်ဖြစ် သည့် မယ်ဟောင်ဆောင်ခရိုင်အတွင်း ပါဝင်သည်။
ဟတ်ကြီးရေကာတာတည်ဆောက်ရေးသည် ဒေသခံပြည်သူများ၏ ဆန္ဒအရသာဖြစ်သော်လည်း ရေကာတာအတွက် လုံခြံုရေးမှာမူ မသေချာကြောင်း ကေအန်ယူ ဒုဥက္ကဌ စောဒေးဗစ်တာကပေါက ပြောသည်။
“အခု ဆည်နေရာက conflict zone လို့ခေါ်တဲ့ တိုက်ပွဲဖြစ်တဲ့နေရာ၊ ရန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာ ဖြစ်နေ တယ်။ ဆည်ရဲ့လုံခြံုရေးအခြေအနေကတော့ မရှိဘူးပေါ့ဗျာ။ အဲဒီမှာ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် ဘယ်လုံခြံုပါ့မလဲ” ဟု သူက မဇ္စျိမကို ပြောသည်။
စီမံကိန်းကြောင့် သံလွင်မြစ်ကြောင်းတလျှောက်မှ ကရင်ကျေးရွာများဖြစ်သည့် မဲဆိပ်၊ တောင်ကြား၊ ရင်းပိုင်း၊ မယ်ပ၊ ရော်ပိုး စသည့် ကျေးရွာများအပါအဝင် ရွာပေါင်း ၄ဝ ကျော် ရေလွှမ်းမိုးမှု ဒဏ်ကို ခံရနိုင်ကြောင်းလည်း ကရင်မြစ်များစောင့်ရှောက်ရေးအဖွဲ့ (Karen Rivers Watch) မှ အမည်မဖော်လိုသူ အလုပ်အမှုဆောင်တဦးက မဇ္စျိမကိုပြောသည်။