ပြင်းထန်သည့် ဂတ်စ်ပေါက်ကွဲမှု ထပ်မံဖြစ်ပွား

ပြင်းထန်သည့် ဂတ်စ်ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
by -
ရိုင်မရော့
မွန်ပြည်နယ်ကို ဖြတ်သန်းသွားသည့် ကန်ဘောက်-မြိုင်ကလေး ဂတ်စ်ပိုက်လိုင်းသည် နိုဝင်ဘာလ ၁၅ ရက်နေ့  ည ၁၂ နာရီအချိန်ခန့်တွင် သံဖြူဇရပ် မြို့နယ်အတွင်း ပြင်းထန်သည့် ပေါက်ကွဲမှု ...

မွန်ပြည်နယ်ကို ဖြတ်သန်းသွားသည့် ကန်ဘောက်-မြိုင်ကလေး ဂတ်စ်ပိုက်လိုင်းသည် နိုဝင်ဘာလ ၁၅ ရက်နေ့  ည ၁၂ နာရီအချိန်ခန့်တွင် သံဖြူဇရပ် မြို့နယ်အတွင်း ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားသည်ဟု သိရသည်။

၄င်းပေါက်ကွဲမှုသည် သံဖြူဇရပ်မြို့နယ်အတွင်းရှိ သက်ကော့ကျေးရွာနှင့် ဝယ်ဝင်ကရာကျေးရွာကြားတွင် ဖြစ်ပွားခဲ့ပြီး အနီးနားရှိ ရာဘာခြံ နှစ်ဧကခန့် မီးရှိန်သင့်သွားခဲ့သည်ဟု ပေါက်ကွဲမှုအနီးအနားရှိ ဒေသခံတစ်ဦးက ပြောပြသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဝဲကလီကျေးရွာရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးတပ်မှ တပ်သားများ ရောက်လာပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့်မပြုပဲ ဝန်းရံထားသည်၊ နံနက်မိုးလင်းခန့်အချိန်တွင် ပေါက်ကွဲမှုအရှိန် လျော့သွားခဲ့သည်၊ ယခုအချိန်တွင် ၄င်းပေါက်ကွဲသည့်နေရာကို ကျေးရွာပြည်သူ့စစ်တို့က စောင့်နေရသည်ဟု သိရသည်။

“ပေါက်ကွဲတဲ့နေရာနဲ့ အိမ်နဲ့က ကိုက် ၁၀၀ လောက်ပဲ ဝေးတယ်၊ အဲဒီနေရာက ပိုက်လိုင်းဟာ မြေမဖို့ထားဘူး၊ အနီးအနားမှာဆိုရင် အိမ် ၁၀ လုံးလောက်ပဲ ရှိတယ်၊ အိမ်တွေ လူတွေတော့ ဘာမှမဖြစ်ဘူး၊ ရာဘာခြံတွေပဲ မီးရှိန် ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီပေါက်ကွဲမှုကတော့ ဘယ်သူမှ တိတိကျကျ သိတာမဟုတ်ဘူး၊ တချို့ ပြောနေကြတာက ဗုံးပေါက်တယ်၊ တချို့ကတော့ ဂတ်စ်ပေါက်တယ်၊ စစ်သားတွေကလည်း ဗုံးပဲလို့ ပြောနေတယ်၊ ဒါပေမယ့် ဘယ်သူမှ မသိဘူး၊ အဲဒီနေရာကိုလည်း ဘယ်သူမှ အဝင်မခံဘူး၊ စစ်သားတွေ ရှိနေတယ်” ဟု ၄င်းဒေသခံက ဆက်ပြောသည်။

ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားတိုင်း ပေါက်ကွဲသွားသည့်ကျေးရွာ ဒေသခံတို့က ပိုက်လိုင်းလုံခြံုရေးအတွက် ကင်းစောင့်ရခြင်း၊ ငွေကြေးပေးဆောင်ရခြင်းများ ရှိနေသော်လည်း ယခုဖြစ်ပွားသည့် ပေါက်ကွဲမှုအတွက် ဒေသခံများအား ခိုင်းစေခြင်း၊ ငွေကြေးကောက်ခံခြင်းများ တစ်စုံတစ်ရာပြုလုပ်ခြင်းမရှိသေးကြောင်း ဒေသခံတို့က ပြောသည်။

ကန်ဘောက်-မြိုင်ကလေးဓာတ်ငွေ့ပိုက်လိုင်းသည် တနင်္သာရီကမ်းရိုးတန်းမှ ကရင်ပြည်နယ်ရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံ၊ မွန်ပြည်နယ်ရှိ ငန်းတေးလျှပ်စစ်ဓာတ်အား ပေးစက်ရုံ၊ သထုံရှိ စက်ရုံများနှင့် မော်လမြိုင်ရှိ အခြားစက်ရုံများ၊ ရန်ကုန်တိုင်း သာကေတနှင့် လှော်ကားရှိ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များကို နေ့စဉ် ဓာတ်ငွေ့ ကုဗပေ ၁၁၀ သန်း ပေးပို့လျှက်ရှိသည်။

ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားတိုင်း မြန်မာစစ်အစိုးရတို့က တိုင်းရင်းသားဖေါက်ခွဲရေးသမားတို့၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုလေ့ရှိသော်လည်း ဒေသခံတို့က ပေါက်ကွဲမှုဖြစ်ပွားရသည်မှာ ပိုက်လိုင်းဆက်သွယ်ထားသည့် အရည်အသွေး ညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟု ဆိုကြသည်