သံဃာများဖြစ်ပွားသော အမှုကိစ္စများ ကိုင်တွယ်ရာတွင် မှားယွင်းနေဟုဆို

သံဃာများဖြစ်ပွားသော အမှုကိစ္စများ ကိုင်တွယ်ရာတွင် မှားယွင်းနေဟုဆို
ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း၌ သံဃာတော်များဖြစ်ပွားသော အမှုပြဿနာများကိုင်တွယ် ဖြေရှင်းရာ တွင် အမှားများစွာ ရှိနေသဖြင့် သံဃာတော်အများစုက စိတ်လက်မချမ်းသာဖြစ်နေကြောင်း အမည်မဖေါ်လိုသူ ...

ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း၌ သံဃာတော်များဖြစ်ပွားသော အမှုပြဿနာများကိုင်တွယ် ဖြေရှင်းရာ တွင် အမှားများစွာ ရှိနေသဖြင့် သံဃာတော်အများစုက စိတ်လက်မချမ်းသာဖြစ်နေကြောင်း အမည်မဖေါ်လိုသူ ၀ါတော် ၅၀ ရှိ ကျောင်းထိုင် ဆရာတော်ကြီး တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

ထိုသို့ အမှားများဖြစ်ရခြင်း အကြောင်းအရင်းမှာ  ခရိုင်သာသနာရေးအဖွဲ့ ညွန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်နာ၍မြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဌ ဆရာတော်တစ်ပါးတည်းက ဖြေရှင်းရခြင်းကြောင့် ဖြစ်သည်ဟု ဆရာတော်ကဆိုသည်။

ဗန်းမော်တွင် သံဃာတော်များ ပြဿနာဖြစ်ပွားပါက ကျောင်းတိုက်များအား ချိတ်ပိတ်သိမ်းခြင်း ငွေဝထ္ထုပေးသည့် ပုဂ္ဂိုလ်များ အပေါ်တွင်သာ ဦးစားပေးခြင်း ပြုလုပ်နေခြင်းကြောင့် ယခုလိုပြောဆိုရခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်ပြောသည်။

“ သူပဲကိုင်တွယ်ရတော့ သူထားချင်တဲ့ပုဂ္ဂိုလ်ပဲသူထားတယ် အဲဒီကိစ္စတွေကမြို့နယ် သံဃာနာယကအဖွဲ့အစည်းအဝေး ခေါ်ပြီးမှ လုပ်ရမှာကိုး အစည်းအဝေးနဲ့ဆုံးဖြတ်ရမဲ့ဟာ ဆရာတော်တစ်ပါးတည်း သူ့ဟာသူဆုံးဖြတ်ပြီး သူ့ဟာသူထားတယ် ” လို့ သူက ပြောသည်။

လွန်ခဲ့သည့်နှစ်အတွင်း ဗန်းမော်မြို့နယ် တာပိန်ချောင်းရိုးတစ်လျှောက် ကျေးရွာများရှိ ရွေမော်ထောကျောင်းတိုက် ပန်းအောင် ကျောင်းတိုက် သာစည် ကျောင်းတိုက် များတွင်ဖြစ်ပွားခဲ့သော အမှုများတွင် မြို့နယ်သံဃာနာယကဥက္ကဌ ဆရာတော်ဦးဇာဂရ ဗုတ္တိမှ သူ့တစ်ဦးတည်းဆုံးဖြတ်ခဲ့ကာ သူကြိုက်သည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင်လည်း ကျွဲချိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အမှုဖြစ်ပွားနေရာ ယနေ့ထက်တိုင် ပြေလည်မှု မရသေးကြောင်း သိရသည်။

“ကျွဲချိုမှာက ပထမလာထားတဲ့ ဘုန်းကြီးက ဒကာနဲ့မပြေလည်တော့ သူ့ကိုလာအပ်တာ အမှန်က သံဃာနာယက က ပိုင်တဲ့ကျောင်း အဲဒါကိုသူ့ကိုလာအပ်တယ်ဆိုပြီးမှ သူကသွားသိမ်းလိုက်တာ မြို့နယ် သံဃာ နာယက အဖွဲ့က ဆိုပြီး သိမ်းပြီး သူ့လူသူထားချင်တာပေါ့ အဲလိုမျိုး မလုပ်သင့်ဘူး။အစဉ်အဆက်က ဘယ်သူတွေရှိသလဲ စုံစမ်း မေးမြန်းပြီးတော့လုပ်ရမှာပေါ့ ”  လို့ သူက ပြောသည်။

ထိုသို့ပြဿနာဖြစ်ပွားနေသည့် ကျောင်းတိုက်များတွင် ခရိုင်သာသနာရေးအဖွဲ့မှ သံဃာတော်များအား နှုတ်ထွက် ခိုင်းရန်ဖြစ်စေ ကျောင်းတိုက်အား သိမ်းယူရန်ဖြစ်စေ အချိန်ကပ်၍ အကြောင်းကြားကာ အရေးယူဆောင်ရွက်မှု့ များပြုလုပ်ကြောင်း သိရသည်။

“အမှန်က သာသနာရေးမှူးပါမှ သာသနာရေးမှူးအာဘော်အတိုင်းလုပ်နေရတာ ဆရာတော်ရဲ့ အာဘော် မဟုတ် ဘူး သာသနာရေးမှူးက အတည်ပြုပြီ ခိုင်းပြီီပြောပြီဆိုရင် သူကအဲလိုလုပ်တော့ မမှားသင့်ပဲမှား ကုန်တော့ တာပေါ့ မလွဲသင့်တာတွေလွဲ ကုန်တော့ တာပေါ့ အဲဒါတွေ ခရိုင်သာသနာရေးမှူးက ဦးသိန်းမြင့်ဦးတဲ့ ဗန်းမော်မှာ အတော်ရူပ်သွားတယ် အခုတော့ အသစ်လဲပြီ ” လို့ နောက်ထပ် ဥပဇ္ဖင်းတစ်ပါးက ပြောသည်။

ဗန်းမော်မြို့နယ်သံဃာနာယက ဥက္ကဌ ဆရာတော်ဦးဇာဂရ အားဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။