မဇ္ဈိမ(ချင်းမိုင်) ။ ။ အင်းစိန်ထောင်တွင်း အမှုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်အပေါ် ရဲက အမှုတခု ထပ်တိုးလိုက်သည်ဟု သူ၏ရှေ့နေက ပြောသည်။
ကိုညီညီအောင် (၄၀ နှစ်) ကို နိုင်ငံခြား ငွေလဲလည်မှု ပုဒ်မ ၂၄ ဖြင့် သတင်းရဲတပ်ဖွဲ့က ထပ်မံစွဲဆိုလိုက်ရာ ယခင်က ရှိနေခဲ့သော လိမ်လည်မှု ပုဒ်မ ၄၂၀၊ မှတ်ပုံတင် အတုကိုင်ဆောင်မှု ပုဒ်မ ၄၆၈ တို့ဖြင့် ၃ မှု ဖြစ်သွားသည်။
“အဲဒီ အမှုကို တရားသူကြီးက ဒီနေ့ဘဲ စစ်ချင်တယ် ပြောပါတယ်။ ကျနော်တို့လဲ တိုင်ချက်ကိုတောင် မဖတ်ရသေးဘူး။ အဆင်သင့် မဖြစ်သေးဘူးလို့ တင်ပြလိုက်တယ်။ ဒါကြောင့် လာမဲ့သောကြာနေ့မှာ ဆက်စစ်မယ်လို့ ပြောတယ်” ဟု တရားဆိုင် ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမ ပြောသည်။
အတိုက်အခံ နို်င်ငံရေးလှုပ်ရှားသူ သူ့ကို အင်းစိန်ထောင်တွင်းရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးက ၃ ကြိမ် ရုံးထုတ်ခဲ့ပြီး ထောင်တွင်း အခြားတရားရုံုးတခု ဖြစ်သော တောင်ပိုင်းခရိုင် တရားရုံးသို့ ပြန်လည် ပြောင်းရွှေ့ခဲ့သည်။
ယနေ့ ကြားနာမှုတွင် တရားလို သက်သေများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးအရာရှိနှင့် ရဲအထူးသတင်းတပ်ဖွဲ့ ရဲမှူးတို့ကို စစ်ဆေးခဲ့သည်။
ကိုညီညီအောင်ကို လက်ထိပ်ခတ်၍ ရုံးထုတ်လာသဖြင့် ရှေ့နေဦးကြည်ဝင်းက တရားရုံး ဥပဒေ လက်စွဲစာအုပ် အပိုဒ် ၄၇၇ အရ တရားရုံး ထုတ်လာစဉ် လက်ထိပ်ဖြုတ်ပေးရန် တင်ပြသော်လည်း လာမည့်ရက်ချိန်း၌ စာဖြင့်ရေးပြီး တင်ပြရန်သာ တရားရုံုးက ဖြေကြားသွားသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။
၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းအပြီး ထိုင်းနိုင်ငံအနီး နယ်စပ်သို့ တောခိုခဲ့သူဖြစ်ကာ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ အခြေချနေထိုင်ခဲ့သော သူသည် မြန်မာနိုင်ငံတွင်းသို့ ၈ ကြိမ် ဝင်ရောက်လာခဲ့ပြီး “ပြည်တွင်း၌ ဆူပူမှုများ အချိန်ကိုက် ဆောင်ရွက်နိုင်ရန်” လုပ်ဆောင်ခဲ့ကြောင်း စစ်အစိုးရက အစောပိုင်းက စွပ်စွဲခဲ့သော်လည်း တရားစွဲဆိုသည့်အခါတွင် ရာဇဝတ်မှုအဖြစ် စွဲချက်တင်ထားသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)