ငွေစက္ခူ အစုတ်များကို ပလတ်စတစ်ထဲ ထည့်၍ အသုံးပြုနေကြ

ငွေစက္ခူ အစုတ်များကို ပလတ်စတစ်ထဲ ထည့်၍ အသုံးပြုနေကြ
ငွေစက္ခူအကြွေးရှားပါးလာသည့်အတွက် ငွေစက္ခူအစုတ်များကို ပလတ်စတစ်ထဲထည့်၍ စျေးရောင်းသူနှင့် ဝယ်သူများအကြား အသုံးပြုနေကြရသည်။ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်နှင့် ၂၀၀ ကျပ် စသော ငွေစက္ခူအကြွေးများ ...

ငွေစက္ခူအကြွေးရှားပါးလာသည့်အတွက် ငွေစက္ခူအစုတ်များကို ပလတ်စတစ်ထဲထည့်၍ စျေးရောင်းသူနှင့် ဝယ်သူများအကြား အသုံးပြုနေကြရသည်။

၅၀ ကျပ်တန်၊ ၁၀၀ ကျပ်နှင့် ၂၀၀ ကျပ် စသော ငွေစက္ခူအကြွေးများ ဟောင်းနွမ်းစုတ်ပြဲလာပြီး ပြည်သူများအကြား အကြွေးလဲလှယ်စရာ ရှားပါးလာသည့်အတွက် ၄င်းငွေစက္ခူများကို ပလတ်စတစ်ထဲထည့် အသုံးပြုနေကြသည်။

“ပိုက်ဆံအကြွေးရှားပါးလာတော့ ပြန်လဲပေးစရာမရှိဘူးလေ။ ဒီတော့ ရှိတဲ့အစုတ်ကိုပဲ ပြန်သုံး ပြန်ပေးရတယ်ပေါ့” ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စုတ်ပြဲနေသောငွေစက္ခူအကြွေးများကို ယခင်က မလိုချင်ပါက ပြန်လဲပေးနိုင်သော်လည်း ယခုမှာ ပြည်သူများ ရွေးချယ်စရာမရှိသည့်အတွက် ၄င်းဟောင်းနွမ်းသည့်ပိုက်ဆံအကြွေးများကို သုံးနေကြရသည်။

မြန်မာဗဟိုဘဏ်မှ ဟောင်းနွမ်းနေသည့်ငွေစက္ခူများကို ငွေစက္ခူအသစ်ဖြင့် ရန်ကုန်မြို့တွင် လဲလှယ်ပေးသော်လည်း အခြားမြို့များတွင် လဲလှယ်ပေးခြင်းမရှိခဲ့ပေ။

အချို့သောသူများသည် ၄င်းပလတ်စတစ်ထဲထည့်သည့် ငွေစက္ခူများကို မမြင်ဘူးကြသော်လည်း စျေးဆိုင်မှ ပြန်ရသည့်အခါ ၄င်းပိုက်ဆံကို လက်ခံရရှိကြသည်။

“အဲဒီပိုက်ဆံအကြောင်းကို ကြားတာတော့ ကြာနေပြီ။ ခရီးသွားတုန်းက ဆီဆိုင်မှာ ဆီထည့်တာ ပိုက်ဆံအကြွေးပြန်အမ်းတဲ့အခါ အဲဒီပိုက်ဆံလည်းပါလာတယ်။ အဲတော့မှ တွေ့ဘူးသွားတယ်” ဟု ခရီးသွားတစ်ဦးက ဆိုသည်။

မြန်မာစစ်အစိုးရမှ ကျပ် ၅၀၀၀ တန်ထုတ်ထားသော်လည်း အခြေံခံလူတန်းစားများအကြားတွင် ၄င်းပိုက်ဆံကို အသုံးပြုမှုမှာ နည်းပါးနေသည်ဟု ၄င်းခရီးသွားက ဆိုပါသည်။

ပငရွာသူတစ်ဦးက ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်နှင့် ၂၀၀ ကျပ် စသောငွေစက္ခူအကြွေးများ ဟောင်းနွမ်းပြီး ကိုင်မရသည့်အတွက် ပလတ်စတစ်ထဲထည့်၍ အသုံးပြုကြရသည်ဟု ဆိုပါသည်။

၄င်းက “ကျမတို့ ရွာက ဆိုင်က ပိုက်ဆံအဟောင်းလည်း ယူတယ်။ ပိုက်ဆံစုတ်စုတ်နဲ့ဝယ်လည်း လက်ခံတယ်” ဟု ပြောသည်။ အချို့ဟောင်းနွမ်းစုတ်ပြဲနေသည့်ပိုက်ဆံကို နှစ်ခေါက်၊ လေးခေါက်ခေါက်ပြီး ပလတ်စတစ်အိတ်ထဲသို့ ထည့်ပြီး မီးဖြင်းပိတ်ကာ အသုံးပြုကြသည်။