ကိုဌေးကြွယ် ကွယ်လွန်သည်ဆိုခြင်းမှာ မမှန်ကန်

ကိုဌေးကြွယ် ကွယ်လွန်သည်ဆိုခြင်းမှာ မမှန်ကန်
by -
ကျော်ခ
ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်၌ နှစ်ရှည်ထောင်ကျနေသော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ကွယ်လွန်သွားပြီဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း မိသားစုက ပြော ...

မဇ္စျိမ (ချင်းမိုင်)  ။       ။ ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်၌ နှစ်ရှည်ထောင်ကျနေသော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ကွယ်လွန်သွားပြီဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း မိသားစုက ပြောသည်။

ထောင်ဒဏ် ၆၅ နှစ်ကျနေသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဌေးကြွယ်သည် အစာအိမ် သွေးကြောပေါက်၍ ယခုလ ၂ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သတင်းများ ပျံ့နှံ့နေမှုအပေါ် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမတို့ မိတ်ဆွေ ဘူးသီးတောင် မြို့ခံတယောက်ကို ဒီမနက်မှ အဆက်အသွယ်ရတယ်။ ဘာမှမဖြစ်ဘူးတဲ့ နေကောင်းတယ်။ ဒီမနက်ပဲ သူသွားကြည့်ပြီးတော့ ကျမကို ပြောတယ်။ လူကိုတော့ မတွေ့ခဲ့ရဘူးပေ့ါ။ ထောင်းကကျဉ်းတော့ သိလွယ်တယ်လေ” ဟု ညီမဖြစ်သူ မမီမီကြွယ်က မဇ္စျိမကို ပြောသည်။

၂၀၀၇ ခု သြဂုတ်လက လောင်စာဆီ စျေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာတွင် အခြား ၈၈ ခေါင်းဆောင်များနှင့် အတူ ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသူ ကိုဌေးကြွယ် ကွယ်လွန်သွားသည်ဆိုသော သတင်းကို အင်တာနက် စာမျက်နှာများပေါ်မှ ဖတ်ရှုရသူများက ဆက်သွယ် မေးမြန်း လာရာမှ သိရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ယခင်လ ၁၈ ရက်နေ့က ထောင်ဝင်စာ သွားတွေ့ပြီး ၁၅ မိနစ်ကြာ စကားပြောခွင့်ရခဲ့သဖြင့် ခန္ဓာကိုယ် ပိန်သွားပြီး တခါတရံ ဗိုက်အောင့်တတ် သည်ဟု သိခဲ့ရကြောင်း၊ အစာအိမ်ဆေးများလည်း ပေးခဲ့ကြောင်း မမီမီကြွယ်က ပြောသည်။

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်များ၌ ဆေးကုသမှုခံယူရန် လိုအပ်နေသည့် နိုင်ငံ ရေးအကျဉ်းသား ၁၂၅ ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာ နိုင်ငံ) AAPP-B က ထုတ်ပြန်ထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)