နယူးဒေလီ (မဇ္ဈိမ) ။ ။ အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် ဖြစ်ပေါ်လာ သည့်နောက်ဆက်တွဲ အကျိုးဆက်များကို ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အချက်အလက်ရှာဖွေ လေ့လာမှုများဆက်လက်ပြုလုပ်နေစဉ် မှာပင် အမေရိကန်နှင့်စစ်အစိုးရအကြားထိတွေ့ဆက်ဆံမှုများ ကိုလည်းစောင့်ကြည့်အကဲ ခတ်နေကြောင်းဖြင့် သူမ၏ပါတီပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့ကပြောဆိုလိုက် သည်။
`ဒီလိုအချက်အလက်ရှာဖွေ လေ့လာဘို့အတွက် အမေရိကန်၊ ဥရောပ နှင့်သြစတြေလျ နိုင်ငံတို့က သံတမန်တွေက လိုအပ်တဲ့သတင်းအချက် အလက် စာရွက်စာတန်းတွေပေးအပ် ခဲ့ပါတယ်လို့ ဒေါ်စုကပြောပါတယ်´ ဟု ကြာသပတေးနေ့က ဒေါ်စုကိုတွေ့ဆုံခဲ့သူ ဦးဉာဏ်ဝင်းက ပြောသည်။
သူမ၏မေတ္တာရပ်ခံချက်ကို လိုက်လျောသည့်အနေဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစု ကြည်ကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေလျ နိုင်ငံတို့မှသံတမန်များနှင့် အောက်တို ဘာလ ၉ ရက်နေ့ကတွေ့ဆုံခွင့်ပေးခဲ့သည်။ သူမသည် ထိုသံတမန်များနှင့် ပိတ်ဆို့ဒဏ်ခတ်မှုများကိစ္စ ဆွေးနွေးခဲ့သည်။
ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါးရေးအတွက် စစ်အစိုးရနှင့်အတူတကွဆောင်ရွက်လိုပါ ကြောင်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံ သူမက ကမ်းလှမ်းခဲ့ပြီး အမေရိကန်၊ အီးယူနှင့် သြစတြေလျနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ပေးရန်လည်း စက်တင်ဘာလက မေတ္တာရပ်ခံခဲ့သည်။
ထိန်းသိမ်းခံနိုဘယ်ငြိမ်းချမ်းရေးဆုရှင်သည် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell)နှင့် တွေ့ဆုံရန်လည်း မျှော်လင့်စောင့်စားလျက်ရှိကြောင်းဖြင့် ဦးဉာဏ်ဝင်းကပြောသည်။ အမေရိကန်က မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိ တွေ့ဆက်ဆံမှုများကိုလည်း သူမက စောင့်ကြည့် အကဲခတ်လျက်ရှိသည်။
`တိုက်ရိုက် ထိတွေ့ဆက်ဆံဘို့ဆိုတဲ့ အမေရိကန်ရဲ့ မူဝါဒသစ်ကိုလည်း သူမကကြိုဆိုခဲ့ပြီး သားပါ´ ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ထို့ပြင် ကင်းဘဲလ်နိုဝင်ဘာလ ပထမပတ်အတွင်း ရောက်လာမည့် အကြောင်းလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အသိပေးအကြောင်း ကြားထားပြီး ဖြစ်သည်ဟုလည်း သူက ဆက်လက် ပြောဆိုခဲ့သည်။
ဦးဉာဏ်ဝင်းသည် သူ့လုပ်ဖော်ကိုင်ဘက်ဖြစ်သူ တရားရုံးချုပ်ရှေ့နေကြီး ဦးကြည်ဝင်းနှင့် အတူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး ဗဟိုတရားရုံးသို့ တင်သွင်းမည့် အယူခံလွှာနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။
သူမကို ယခင်ထိန်းသိမ်းမှု စည်းကမ်းချက်များကို ချိုးဖောက်သည် ဟူသောစွဲချက်ဖြင့် အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၁၁ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့သည်။ သို့သော် အဆိုပါ ထောင်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့စီမံခန့်ခွဲရေး အာဏာကို အသုံးပြုကာ တဝက်ထိလျှော့ချ ခဲ့သည်။
သူမ၏ရှေ့နေအဖွဲ့က အဆိုပါစီရင်ချက်ကို တိုင်းတရားရုံးသို့ အယူခံ ဝင်ရောက်ခဲ့သည်။ သို့သော်တိုင်းရုံးက အောက်ရုံး၏ အမိန့်ကိုပင် အတည် ပြုခဲ့သည်။ သို့သော် ယခုအခါ အဆိုပါ အမှုကို တရားရုံးချုပ်သို့ အယူခံဝင်ရောက်ရန် ပြင်ဆင်လျက်ရှိသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ အယူခံလွှာကို သူတို့ မူကြမ်းရေးသားပြီး ဖြစ်သည်။
`ဒေါ်စုက ဒီအယူခံလွှာ မူကြမ်းကို သူ လေ့လာချင်တယ်လို့ ပြောပါတယ်။ ပြီးရင်သူ့ထင်မြင်ချက်ကို ကျနော်တို့ကို ပြောမယ်လို့ ပြောပါတယ်။ တရားရုံးချုပ်ကို လျှောက်လွှာတင်သွင်းဘို့ လဲ သူ သဘောတူပါတယ်´ ဟု ဦးဉာဏ်ဝင်းက ပြောသည်။