မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ရက်လအတန်ကြာ ပုံမှန်ပျက်နေသည့် လျှပ်စစ်မီးသည် လွန်ခဲ့သည့်စက်တင်ဘာလမှ စကာ ပုံမှန် ပြန်လင်းလာပြီ ဖြစ်ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
“မီးက ပုံမှန်ပြန်လင်းလာပြီးလို့ ပြောရမှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အရင်ကဆို မီးက လာတယ်။ ဒါပေမယ့် တခါလာရင် ခဏလေးပဲ၊ အခုတော့ အကြာကြီး လာတယ်။ ပျက်တယ်ဆိုရင်လည်း ခဏပဲ ပျက်တယ်၊ မီးမှန်တယ်လို့ ပြောလို့ရတာပေါ့” ဟု မုဒုံမြို့နယ် နှီးပဒေါကျေးရွာမှ ရွာခံတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်အတွင်း နှီးပဒေါကျေးရွာနှင့် ကွမ်လှာကျေးရွာတို့သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ စပြီး မြန်မာစစ်အစိုးရမှ ထုတ်လွှတ်ပေးသည့် လျှပ်စစ်မီးကို ရရှိရန် စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်သို့တိုင် ငွေသိန်းပေါင်းများစွာ အကုန်ကျခံကာ တက်ရောက်လျှောက်ထားကြရသည်။
ယခုကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲ နီးလာသည့်အတွက် ဒေသခံများကို ၄င်းတို့ဘက်သို့ တိမ်းညွတ်လာအောင် စည်းရုံးခြင်း ဖြစ်နိုင်သည်ဟု စစ်အစိုးရ၏ လှုပ်ရှားမှုကို လေ့လာသုံးသပ်နေသူတို့က ဆိုသည်။
“ဘာဖြစ်လဲတော့ မသိဘူး၊ မီးက မှန်မှန်လာနေပြီ၊ ပျက်မယ်ဆိုရင်လည်း ခဏပဲ ပျက်တာ၊ ပြီးခဲ့တဲ့လကတည်းက ဒီလိုမှန်မှန်လာတာပဲ၊ အရင်ကဆို လာကိုမလာတာ၊ အခုမှ မီးမှန်တာ တွေ့ဖူးတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။
မော်မြိုင်မြို့တွင်သာမက မုဒုံမြို့နှင့် ၄င်းဒေသတဝိုက်ရှိ လျှပ်စစ်မီး ရယူထားသည့် ကျေးရွာများတွင်လည်း ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှ စ၍ မီးပုံမှန်မလာတော့ပေ။ မုဒုံမြို့၌ ၁၀ ရက်တွင် တစ်တရက်ခန့်သာ လာလေ့ရှိပြီး လာလျှင်လည်း တစ်နာရီ နှစ်နာရီခန့်သာ လာလေ့ရှိကြောင်းနှင့် မီးမလာသော်လည်း မီတာထိန်းသိမ်းခ တစ်လလျှင် ၅၀၀ ကျပ် ပုံမှန်ပေးဆောင်နေရကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောသည်။
“ဘားအံမှာလည်း မီးပုံမှန် ပြန်လာနေပြီ၊ တလကျော်ကျော်လောက် ရှိပြီ၊ ဘာဖြစ်လို့လည်းတော့ မသိဘူး၊ အရင်ကဆို လာကိုမလာတာ၊ မြို့ပေါ်မှာပဲ မဟုတ်ဘူး၊ အစိုးရမီး သွယ်ထားတဲ့ ကျေးရွာတိုင်းမှာ မီးပြန်လာနေတယ်၊ မလာစဖူးဆိုတော့ ထူးတော့ ထူးပါတယ်၊ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့လည်းတော့ မသိဘူးလေ” ဟု ဘားအံမြို့ခံတစ်ဦးက ဆိုပါသည်။
လွန်ခဲ့သည့် မတ်လဆန်းတွင် မော်လမြိုင်မြို့ပေါ်၌ ကျောင်းသားများ လျှပ်စစ်မီးရရန် ဆန္ဒပြပြီး နောက်ပိုင်း တမြို့လုံး မီးပြန်လင်းလာရာမှ မေလမှစ၍ အစိုးရရုံးများနှင့် တိုင်းရင်းသား အဖွဲ့အစည်းရုံးများမှလွဲ၍ မီး ပုံမှန် ရရှိခြင်းမရခဲ့သည်မှာ စက်တင်ဘာလအထိ ဖြစ်သည်။