နယူးဒေလီ (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး အခြေအနေ အလွန်အမင်း `စိုးရိမ်ထိတ်လန့်ဖွယ်´ အခြေအနေ ရှိနေသေးသည့် မြန်မာနိုင်ငံသို့ နောက်ထပ်တကြိမ် အလည်အပတ် သွားရောက်ဦးမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူက ယမန်နေ့က ကြေညာ လိုက်သည်။
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေသည် `စနစ်တကျ ချိုးဖောက်မှုများဖြင့် ကျယ်ပြန့်စွာ ဖြစ်ပွားဆဲရှိကာ စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေ´ တွင်ပင် ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့်အစီရင်ခံနေသူ ကုလသံတမန် မစ္စတာ တောမတ်စ် အိုဂျေ ကွင်တားနား (Tomas Ojea Quintana) က သတင်းစာ ရှင်းလင်းပွဲ၌ ပြောခဲ့သည်။ နောက်တကြိမ် မြန်မာနို်င်ငံသို့ နိုဝင်ဘာလကုန်တွင် သွားရောက်ဦးမည်ဟုလည်း သူက ကြေညာ ခဲ့သည်။
''လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျနဲ့ အကျယ်အပြန့် ဖြစ်နေတဲ့အပေါ် တာဝန်ယူဖို့၊ တာဝန်ခံဖို့ ကိစ္စတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ကျနော် မြန်မာအစိုးရကို တိုက်တွန်းပါတယ်'' ဟု အဆိုပါ အာဂျင်တီးနားလူမျိုး ဥပဒေပညာရှင်ဖြစ်သူ သူက ပြောသည်။
နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ရွေးကောက်ပွဲ၌ ပါဝင်နိုင်ရေးအတွက် ၂၀၁၀ ခုနှစ် မတိုင်မီ ပြန်လွှတ်ပေးရန်လည်း သူက စစ်အစိုးရကို တောင်းဆို လိုက်သည်။
''ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတဖို့ လိုတယ်။ လွတ်လပ်စွာ ဟောပြောခွင့်၊ လှုပ်ရှားခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် စတာတွေကို နိုင်ငံတွင်းမှာ အာမခံချက်ပေးဖို့ လိုတယ်လို့လည်း ကျနော် အစိုးရကို ပြောခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံးကို ရွေးကောက်ပွဲတွေ မတိုင်မီ လွှတ်ပေးဖို့ လိုပါတယ်'' ဟု မစ္စတာ ကွင်တားနားက နယူးယောက်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယမန်နေ့ အစောပိုင်းကလည်း အထူးသံတမန်ကြီးက မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လွတ်လပ်မှု မရှိဘဲ၊ စနစ်တကျ ကျယ်ပြန့်စွာ ချိုးဖောက်သူတို့ ပြစ်ဒဏ်မခံရခြင်း စသည့် အထောက်အထားများကို အများအပြား တွေ့ရကြောင်းနှင့် ကုလအထွေထွေညီလာခံတွင် လူမှုရေးနှင့် လူသားမျိုးနွယ်နှင့်ဆိုင်သည့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းပေးနေသည့် တတိယ ကော်မတီရှေ့မှောက်၌ အသိပေး ပြောကြားခဲ့သေးသည်။
တိုင်းပြည်တွင်းရှိ ဥပဒေရေးရာ ပြဿနာများကို ဖြေရှင်း ကိုင်တွယ်နိုင်ရန်အတွက် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ရယူရန်လည်း စစ်အစိုးရကို ကွင်တာနားက တိုက်တွန်းခဲ့သည်။ ဤသို့ တရားစီရင်ရေး လွတ်လပ်ခွင့်မရှိဘဲ သူတို့၏ အဆင့် ရ ဆင့်ပါ ဒီမိုကရေစီသို့ သွားရာလမ်းပြမြေပုံသည် ပြည့်စုံမှုရှိမည် မဟုတ်ကြောင်း သူက အကြောင်းပြခဲ့သည်။
သို့သော် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးသောင်းထွန်းကမူ ကုလအထူးသံတမန်၏ အစီရင်ခံစာသည် `ဓမ္မဓိဋ္ဌာန်မကျကြောင်း´ နှင့် ကုလအထူးသံနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် စစ်အစိုးရ၏ ဆန္ဒကို လုံးဝ အသိအမှတ်မပြုဘဲ အစိုးရ ဆန့်ကျင်ရေးအဖွဲ့များ၏ ပြောဆိုချက်များကိုသာ ထည့်သွင်း စဉ်းစားခဲ့ကြောင်း တတိယ ကော်မတီ၌ ပြောခဲ့သည်။
''ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဒီအစီရင်ခံစာမှာ ပါဝင်နေတာဟာ ဝမ်းနည်းစရာ ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲချက်တွေကို တစိုးတစိလေးမျှလောက်သာ ထည့်သွင်း စဉ်းစားသင့်တာ ဖြစ်ပါတယ်'' ဟု ဦးသောင်းထွန်းက ပြောဆိုခဲ့သည်။
သူက ဆက်ပြီး ''အစီရင်ခံစာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာ၊ စိတ်ပျက်စရာပါ။ စိတ်ကြိုက်ရွေးချယ်ထားတဲ့ တသီးပုဂ္ဂလတွေ၊ အဖွဲ့အစည်းတွေ ပြောကြားချက်တွေကိုပဲ အဓိက အားပြုထားတာ တွေ့ရပါတယ်။ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာအောင် လုပ်ရမယ့်အစား၊ ထိတွေ့ဆက်ဆံမှုတွေ လုပ်ရမယ့်အစား အခုလို လုပ်လိုက်တာ ဖြစ်ပါတယ်'' ဟု ပြောသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်နှင့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများအပေါ် အထူးသံတမန်က ဝေဖန် ပြောကြားခဲ့ခြင်း အတွက်လည်း အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း သူက ဆက်ပြောခဲ့သည်။
ရွေးကောက်ပွဲများကို စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ရန် စနစ်တကျ လုပ်ဆောင်လျက် ရှိကြောင်းနှင့် အဆိုပါ ရွေးကောက်ပွဲများ လွတ်လပ်မျှတစွာ ကျင်းပမည်ကို သံသယရှိစရာ မလိုကြောင်း သူက အလေးပေး ပြောကြား ခဲ့သည်။
၂၀၀၈ ခုနှစ် မေလတွင် လူ့အခွင့်အရေး အထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီးကတည်းက မစ္စတာ ကွင်တားနား၏ ယခုခရီးစဉ်သည် သူ၏ မြန်မာနိုင်ငံသို့ တတိယမြောက် ဖြစ်သည်။