မဇ္စျိမ (ချင်းမိုင်)။ ။ မြန်မာနိုင်ငံတွင် မွေးဖွားသည့် အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ် ကိုကျော်ဇောလွင်၏ အမှုကို ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့နံနက် ၁၀ နာရီခွဲမှ ၁၂ နာရီထိ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ် တရားသူကြီး ဦးသန်းလွင်က အင်းစိန်ထောင်တွင်း၌ ရုံးထိုင်၍ တရားလို သက်သေပေါင်း ၁၆ ဦးအနက် ယနေ့တွင် ၂ ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“လုပ်ထုံး လုပ်နည်းအတိုင်း စစ်ဆေးနေတာပါပဲ။ ပုဒ်မကတော့ ၄၂၀ နဲ့ ၄၆၈ ပါ။ မှတ်ပုံတင် ကပ်ခွာလုပ်တယ်ပေါ့။ ဒီကပ်ခွာကို သုံးတယ်ပေါ့။ ဒါက အဓိက စွပ်စွဲချက်ပါ။ ဒီနေ့က တရားလိုဘက်က သက်သေ ၂ ဦး စစ်ပါတယ်” ဟု ကိုညီညီအောင်၏ ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ယနေ့တွင် တရားဆိုင်၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့ တက်ရောက်ကြပြီး တရားလိုပြ သက်သေများကို ကိုညီညီအောင်ကိုယ်စား မေးခွန်းများ မေးမြန်းခဲ့သည်။ ထို့ပြင် ရုံးချိန်းသို့ အမေရိကန်သံရုံးမှ အရာရှိတဦးနှင့် မြန်မာအမျိုးသမီး ဝန်ထမ်းတဦးလည်း တက်ရောက်ခဲ့သည်။
ကိုညီညီအောင်၏ မိသားစုဝင်များမှာမူ လာရောက် နားထောင်ခွင့် မရရှိဘဲ အမှုနှင့် ပတ်သက်၍ ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ထံမှသာ တဆင့်ကြားသိရကြောင်းနှင့် ကိုညီညီအောင်နှင့် တွေ့ဆုံခွင့်ရရန် သံရုံးမှ ကြိုးစားပေးနေသော်လည်း ယခုချိန်ထိ မရရှိသေးကြောင်း အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက မဇ္စျိမကို ပြောသည်။
အမေရိကန် နိုင်ငံသားဖြစ်နေသူ ကိုညီညီအောင်သည် ပြီးခဲ့သည့်လ ၃ ရက်နေ့တွင် ဘန်ကောက်မြို့မှတဆင့် ဝင်ရောက်လာစဉ် ရန်ကုန် နိုင်ငံတကာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည်။
သူသည် မြန်မာနိုင်ငံတွင်းသို့ ၈ ကြိမ် ဝင်ရောက်လာခဲ့ပြီး “ပြည်တွင်း၌ ဆူပူမှုများ အချိန်ကိုက် ဆောင်ရွက်နိုင်ရန်” နှင့် “အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် ပြည်ပရှိ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် ချိတ်ဆက်ပေးပြီး သတင်းဖလှယ်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ အမာခံမွေးမြူခြင်း” တို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြီးခဲ့သည့်လ ၂၄ ရက်နေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာများ၌ ဖော်ပြခဲ့သည်။
သို့သော် လက်တွေ့တွင်မူ လိမ်လည်မှု၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် စွဲဆိုထားကြောင်း သူ၏ ရှေ့နေများက ပြောသည်။
ကိုညီညီအောင်သည် လူကောင်းတဦး ဖြစ်ပြီး၊ စစ်အစိုးရ စွပ်စွဲသလို ပြုလုပ်မည် မဟုတ်ကြောင်းနှင့် ယခုစွဲဆိုသည့် ပုဒ်မများကို ကြည့်လျှင် စွပ်စွဲချက်များ ခိုင်လုံမှု မရှိသည်ကို သိရသော်လည်း စစ်အစိုးရကို ယုံစား၍ မရကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္စျိမကို ပြောသည်။
နောက်တကြိမ် ရုံးချိန်းကို ယခုလ ၃၀ ရက်နေ့သို့ ချိန်းဆိုလိုက်ပြီး အင်းစိန်ထောင် တရားရုံး၌ပင် တရားလိုပြ သက်သေ နောက်ထပ် ၂ ဦး စစ်ဆေးသွားမည်။ တရားလိုပြ သက်သေအားလုံးကို စစ်ဆေးပြီးမှ တရားဆိုင်ဘက်မှ သက်သေများကို စစ်ဆေးမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။