ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားတာဝန်ကျ ရဲအား စစ်ဗိုလ်က သေနတ်ဖြင့်ပစ်

ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားတာဝန်ကျ ရဲအား စစ်ဗိုလ်က သေနတ်ဖြင့်ပစ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အကြား ဆက်သွယ်ထားသည့် ဧရာဝတီ မြစ်ကူး ဗလမင်းထင် တံတားတွင် တာဝန်ကျနေသည့် ရဲများနှင့် တံတားဖြတ်ကူးလာသည့် စစ်ဗိုလ်အကြား ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အကြား ဆက်သွယ်ထားသည့် ဧရာဝတီ မြစ်ကူး ဗလမင်းထင် တံတားတွင် တာဝန်ကျနေသည့် ရဲများနှင့် တံတားဖြတ်ကူးလာသည့် စစ်ဗိုလ်အကြား အချင်းများရာမှ စစ်ဗိုလ်က သေနတ်ဖြင့် ပစ်၍ ရဲနှစ်ဦး ဒဏ်ရာရရှိသွားသည်။

ယခုလ(၁၇)ရက်နေ့တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြစ်ကြီးနားမြို့ဘက်မှ အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ဗိုလ်တဦး ဆိုင်ကယ်ဖြင့် အရှေ့ဘက်ကမ်းသို့ ဖြတ်ကူးလာစဉ် အရှေ့ ဘက်ကမ်းတွင် တာဝန်ကျနေသည့် ရဲသားတဦးက စစ်ဆေးမေးမြန်းရာမှ အခြေအတင်ဖြစ်ပြီး စစ်ဗိုလ်က မြစ်ကြီးနားဘက် လှည့်ပြန်၍ ယူနီဖောင်း ဝတ်၊ သေနတ်ယူကာ ပြန်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သည့် မြစ်ကြီးနားမြို့ခံက ပြောသည်။

၄င်းက “အရှေ့ဘက်ကမ်းတာဝန်ကျတဲ့ ရဲကလည်း အရက်မူးနေတယ်၊ အဲဒီစစ်ဗိုလ်ကလည်း မူးနေတယ် ၊ မူးနေတော့ အခြေအတင် များတာပေါ့၊ နည်းနည်းလေး အခြေအတင်ဖြစ်ပြီး စစ်ဗိုလ်က ပြန်ခေါက် ခဲ့တယ်။ အဲဒီစစ်ဗိုလ်က ယူနီဖောင်းလဲပြီး ပြန်သွားတာ။ အဲဒီစစ်ဗိုလ်က မင်းလားကွာ ငါ့ကို ရန်လုပ် တာဆိုပြီး သေနတ်ဆွဲပြီးထုတ်တော့ ရဲက တပ်ကြပ်ကြီးက မလုပ်ပါနဲ့ ဗိုလ်ကြီး၊ ကျနော်လည်း တပ်က ထွက်တာပါ၊ ဒါမျိုးလုပ်ရင် မှားလိမ့်မယ်ဆိုပြီး တားသေးတယ်။ အဲဒီလို ပြောတဲ့ထဲမှာဘဲ ပစ်ထည့်လိုက် တာ။” ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

စစ်ဗိုလ် ပစ်လိုက်သည့် ကျည်သည် ရှေ့က လာတားသည့် ရဲတပ်ကြပ်ကြီး၏ ညာဘက် လက်မောင်းထိမှန်ဖောက် ထွက်ပြီး နောက်မှ စစ်ဗိုလ်နှင့် စကားများထားသည့် ရဲသား၏ ဘယ်ဘက် ချိုင်းကြားမှ ညာဘက်ချိုင်းသို့ ဖောက် ဝင်သွားသည်ဟု အဆိုပါမြို့ခံက ပြောသည်။

“ရဲနှစ်ယောက်လုံး ဒဏ်ရာရသွားတယ်။ နောက်က ရဲသားက အသဲနည်းနည်း ထိသွားတယ်။ စကား များတဲ့ကောင်က ဘယ်ကနေဝင် ညာဘက်ဖောက်ထွက်သွားတာပေ့ါ၊ အနီးကပ်ပစ်တော့ မပွင့်သွားဘူး ပေါ့ကွာ၊ ဒီဘက်က လက်သန်းလောက်ဝင်၊ ဟိုဘက်က လက်သန်းလောက် ထွက်သွားတာ။ အခု ဆေး ရုံမှာ တင်ထားတယ်။”

သေနတ်ဖြင့် ပစ်ခဲ့သည့် စစ်ဗိုလ်အား ယခုအခါ ဖမ်းဆီးထားပြီး အခင်းဖြစ်စဉ်အား ၎င်းမူးနေ၍ ပစ်ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က တင်ပြထားသည်ဟုလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်  မြို့ခံက ပြောသည်။

Most read this week