တောင်ကိုရီးယားတွင် တရားမဝင်လုပ်သား ဖမ်းဆီးမှုကြမ်း

တောင်ကိုရီးယားတွင် တရားမဝင်လုပ်သား ဖမ်းဆီးမှုကြမ်း
by -
ကျော်ခ
တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ဖမ်းဆီးမှုမှာ ယခင် နှစ်များထက် သိသာစွာ ပိုများလာနေသည်။ ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးများက ရထားဘူတာနှင့် ...

မဇ္စျိမ (ချင်းမိုင်) ။     ။ တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ဖမ်းဆီးမှုမှာ ယခင် နှစ်များထက် သိသာစွာ ပိုများလာနေသည်။

ရဲနှင့် လူဝင်မှု ကြီးကြပ်ရေးများက ရထားဘူတာနှင့် လူစည်ကားရာ နေရာများတွင် သာမက စက်ရုံထဲအထိပါ ရှောင်တခင် ဝင်ရောက်ပြီး နိုင်ငံကူး လက်မှတ်ပါ ဗီဇာသက်တမ်း ကုန်ဆုံးသူများကို ဖမ်းဆီးမှုများ ရှိသည်။

“အခုဟာက စက်ရုံနယ်မြေတွေနဲ့ စက်ရုံတွေထဲထိ ဝင်ဖမ်းနေတယ်။ အဖမ်းအဆီးက ကြမ်းတယ်။ ဖမ်းဆီးဝင်တဲ့ အချိန်မှာ ထွက်ပြေးတာတွေ ဘာတွေရှိရင် ထိုးနှက်တာတို့၊ ရိုက်နှက်တာတို့ ဖြစ်လာတယ် ဆိုတော့ ရှောင်ပုန်းဖို့ ဆိုတာက မလွယ်ပါဘူး” ပူချွန်းမြို့တွင် အခြေစိုက်သော Burma Action Korea မှ အလုပ်သမားရေးရာမှူး ကိုအောင်တင်ထွန်းက မဇ္စျိမကို ပြောသည်။

တရားမဝင် အလုပ်လုပ်နေသူများကို ဖမ်းဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်က ကြေညာထားခဲ့သည်။

အဖမ်းခံရသူသည် လေယာဉ်လက်မှတ် တင်ပြနိုင်လျှင် ပြန်ပို့ပေးပြီး၊ မတတ်နိုင်သူများမှာ ထိန်းသိမ်းရေး စခန်းများတွင် ချုပ်နှောင်ထားသည်။

တောင်ကိုရီးယားတွင် မြန်မာနိုင်ငံသား အလုပ်သမားဦးရေ  ၄ ထောင်ကျော် ရှိနေပြီး၊ လေးပုံတပုံခန့်က တရားမဝင် လုပ်သားများဖြစ်သည်ဟု အလုပ်သမားရေးရာ အန်ဂျီအိုများက ခန့်မှန်းကြသည်။

ဆိုးလ်၊ အန်ဆန်း၊ ယူကျုံဘူ၊ ပူချွန်းနှင့် ပူဖျောင်းမြို့တို့တွင် မြန်မာအများဆုံး နေထိုင်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှလည်း လာရောက် အလုပ်လုပ်နေသူများ ရှိနေသည်။

“ကျနော့် အသိမိတ်ဆွေတွေလည်း အဖမ်းမခံရအောင် တော်တော်လေးကို ပုန်းအောင်းနေကြရတာပေါ့ဗျာ။ မြန်မာပြည်မှာက စားဝတ်နေရေး ခက်ခဲတော့ သူတို့အနေနဲ့ ပြန်ပို့မခံရအောင် ကျီးလန့်စာစားဘဝနဲ့ ပုန်းအောင်းပြီး အလုပ်လုပ်နေကြရတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနမှ ဆလိုင်းကျော်ကျော်က ပြောသည်။

အာရှကျားစာရင်းဝင်နိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ပျမ်းမျှ ၂ သိန်း ၂ သောင်းကျော်ရှိကြောင်း ဗြိတိန်အခြေစိုက် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး AI၏ ယမန်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတွင်းသို့ တရားဝင် ဝင်ရောက်လာပြီးမှ ဗီဇာသက်တမ်းလွန် နေထိုင်ခြင်းဖြင့် တရားမဝင် လုပ်သားများ ဖြစ်ကုန်တော့သည်။ သူတို့ထဲမှ အများစုသည် အန္တရာယ်ရှိသော အလုပ်များ လုပ်ကြရပြီး အချိန်ကြာမြင့်ခြင်း၊ လုပ်ခလျှော့ပေးခြင်းတို့ ကြံုရသည်ဟု AI က ပြောသည်။

မြန်မာနိုင်ငံတွင် “ရွှေအင်းဝ” ဝန်ဆောင်မှု အေဂျင်စီ ကုမ္ပဏီတခုတည်းက တောင်ကိုရီးယားသို့ အလုပ်သမား စေလွှတ်မှု လုပ်ဆောင်နေသည်။ ကိုရီးယား ဘာသာစကား စာမေးပွဲ အောင်မြင်သူ အသက် ၃၀ နှစ်အောက် လူငယ်ကို ရွေးချယ် စေလွှတ်ပေးပြီး၊ တဦးလျှင် ကျပ်သိန်း ၅၀ ခန့် ကုန်ကျသည်။ လုပ်သားတဦးသည် ပျမ်းမျှအားဖြင့် တလလျှင် ဒေါ်လာ ရ၀၀ ခန့် ရရှိကြသည်။

တောင်ကိုရီးယားသို့ သွားလိုသူ နှစ်စဉ် သိန်းချီလာရောက် စုံစမ်း မေးမြန်းကြသည်ဟု အေဂျင်စီ သတင်းရပ်ကွက်များက ပြောသည်။ တောင်ကိုရီးယားသို့ လေကြောင်းခရီးဖြင့် သွားရောက်မည်ဆိုပါက အသွားအတွက်ပင်လျှင် အမေရိကန်ဒေါ်လာ ၈၅၀ ခန့် ကုန်ကျမည် ဖြစ်သည်။

ဂျပန်နှင့် တရုတ်ပြီးလျှင် အာရှ၏ စီးပွားရေး အင်အားအကြီးဆုံး တောင်ကိုရီးယားသည် မြန်မာနိုင်ငံ၏ နံပါတ် ၈ မြောက် ကုန်သွယ်ဘက် အကြီးဆုံး နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် ၂၀၀၈-၀၉ တွင် အမေရိကန်ဒေါ်လာ ၂၅၂ သန်း ရှိသည်။