နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယအရှေ့မြောက်ပြည်နယ် မီဇိုရမ်မှ လူမှုရေးအဖွဲ့တခုက မြန်မာအပါအဝင် အိမ်နီးချင်း နိုင်ငံများမှ နိုင်ငံခြားသားများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကို တင်းကျပ်စွာ တားဆီးရန် ပြည်နယ်အစိုးရကို တိုက်တွန်းလိုက်သည်။
ပြည်နယ်မြို့တော် အိုက်ဇောခရိုင် ဒါလာဝမ် Dalawan ဒေသတွင် ကျင်းပခဲ့သော မီဇိုရမ်တွင် သြဇာအာဏာရှိသည့် လူမှုရေးအဖွဲ့ မီဇိုကလျာဏယုဝအသင်း YMA ၏ ၆၄ ကြိမ်မြောက် အထွေထွေညီလာခံတွင် နိုင်ငံခြားသားများကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ပြည်နယ်အတွင်း နေထိုင်သော နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အပြည့်အဝ ကိုင်တွယ်ရန် ပြည်နယ်အစိုးရကို တောင်းဆိုခဲ့သည်ဟု YMA ဝဘ်ဆိုဒ်တွင် ဖော်ပြထားသော အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
''ကွန်ဖရင့်က ကျင်းပနေဆဲပဲ ရှိပါသေးတယ်။ သူတို့က ပြည်နယ်အတွင်းက နိုင်ငံခြားသားတွေကိုသာ အရေးယူဖို့ မဟုတ်ဘူး။ အိန္ဒိယနိုင်ငံ အိမ်နီးချင်းပြည်နယ်တွေက လာတဲ့သူတွေကိုလည်း အရေးယူဖို့ ပြည်နယ်အစိုးရကို တောင်းဆိုထားတာ'' ဟု အိုက်ဇောတွင် နေထိုင်သော မြန်မာနိုင်ငံသားတဦးက မဇ္ဈိမကို ပြောသည်။
အကယ်၍ လိုအပ်ပါက သူတို့၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် အစိုးရကို အကူအညီ ပေးလိုကြောင်းလည်း YMA အစည်းအဝေး ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
ဤကိစ္စနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက်မေးမြန်းရန် အိုက်ဇောမြို့ရှိ YMA ဌာနချုပ်ကို ယနေ့ ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။
ဤအတောအတွင်း YMA သည် မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သော ချင်းတိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံသားများကို စစ်တမ်းကောက်ယူ လေ့လာမှုများ ပြုလုပ်နေသည်။ မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ချင်းပြည်နယ်သည် မီဇိုရမ်ပြည်နယ်နှင့် ၄၀၄ ကီလိုမီတာမျှ နယ်နိမိတ်ချင်း ဆက်စပ်နေသည်။
အဆိုပါစစ်တမ်းကို ဇွန်လကတည်းက စတင်ကောက်ယူခဲ့ရာ ပြည်နယ်တခုလုံးရှိ YMA ဌာနခွဲပေါင်း ရ၇၂ ခုအနက် ယခုအထိ ၁၇၃ ခုတွင် ကောက်ယူပြီးစီးသွားပြီဟု ဒေသခံအင်တာနက် သတင်းဌာနဖြစ်သော The Zozam Times ၏ အဆိုအရ သိရသည်။
မီဇိုရမ်တွင် နေထိုင်ကြသော မြန်မာနိုင်ငံသားမှာ ဦးရေ ၅ သောင်းမှ ၆ သောင်းကြား ရှိနိုင်သည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်း အတော်များများက ခန့်မှန်းပြောဆိုကြသော်လည်း လူဦးရေ အတိအကျကောက်ယူမှုကို မပြုလုပ်နိုင်ကြသေးပါ။
မည်သည့်အကြောင်းကြောင့် ဤသို့ လူဦးရေစစ်တမ်း ကောက်ယူသည်ကို သဲကွဲစွာ မသိရသေးသော်လည်း ပြည်နယ်အတွင်းနေထိုင်သော မြန်မာလူမျိုးများကမူ မြန်မာများကို ဒေသခံများနှင့် ခွဲခြားနိုင်ရန်ဖြစ်သည်ဟု ယုံကြည်ကြသည်။
''ဘယ်မှာနေတယ်၊ လူဘယ်လောက်ရှိတယ်ဆိုတာ အတိအကျသိရရင် မီဇိုရမ်ပြည်နယ်ထဲရှိတဲ့ မြန်မာတွေကို မီဇိုလူမျိုးတွေက အလွယ်တကူ ခွဲခြားနိုင်ပြီး သူတို့နှိမ်နင်းချင်တဲ့အချိန် နိုင်ငံခြားသားတွေကို ပစ်မှတ်ထား နှိမ်နင်းနိုင်တာပေါ့'' ဟု အိုက်ဇောတွင် နေထိုင်သူ မြန်မာတဦးက ပြောသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မီဇိုရမ်ပြည်နယ်သို့ နေထိုင်သူ ရွှေ့ပြောင်းနေထိုင်သူအများစုမှာ မြန်မာလူမျိုးများ ဖြစ်သည်။ မီဇိုရမ်ပြည်နယ်သည် အခြား အရှေ့မြောက်ပြည်နယ်များဖြစ်သော အာသံ၊ မဏိပူရ၊ တြိပူရပြည်နယ်တို့နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။ ပြည်နယ်အတွင်း နေထိုင်သူများတွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား အနည်းငယ်လည်း ပါဝင်သည်။
ဤစစ်တမ်းကောက်ယူမှုသည် ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သော နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ၏ အစီရင်ခံစာအပေါ် YMA ၏ တုံ့ပြန်အရေးယူဆောင်ရွက်ချက် တစိတ်တပိုင်းလည်း ဖြစ်နိုင်သည်ဟု မြန်မာလူမျိုးအချို့က ယုံကြည်ကြသည်။
`မေ့ပျောက်ခံ ပြည်သူများလိုပါပဲ´ ဟု အမည်ပေးထားသော HRW အစီရင်ခံစာတွင် စစ်အစိုးရလက်အောက်တွင် တိုင်းရင်းသား ချင်းလူမျိုးများ၏ ဒုက္ခများ၊ ယင်းကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်းသို့ ခိုလှုံလာရပုံများကို အသေးစိတ် ရေးသားထားသည်။ ဒေသသစ်သို့ ရောက်သောအခါတွင်လည်း အိမ်ရှင်လူမျိုးများ၏ ရန်လိုသော ပြုမူဆက်ဆံမှုများ၊ အထူးသဖြင့် YMA ၏ ရန်လိုသော ပြုမူဆက်ဆံမှုများ အကြောင်းကိုလည်း ရေးသားထားသည်။
YMA ကမူ အစီရင်ခံစာပါ အကြောင်းအရာများသည် အခြေအနေမှန်ကို ထင်ဟပ်ခြင်းမရှိဘဲ မီဇိုးလူမျိုးများကို နာမည်ပျက်အောင် ရေးသားထားခြင်းမျှသာဖြစ်သည်ဟု ဆိုကာ အစီရင်ခံစာပါ အကြောင်းအရာများကို ငြင်းဆို ထားသည်။ မီဇိုးလူမျိုးအသိုင်းအဝိုင်းသည် မြန်မာလူမျိုးများ၊ အထူးသဖြင့် ချင်းလူမျိုးများကို ပြည်နယ်တွင်း နေထိုင်ခွင့်ပေးထားပြီး အထောက်အပံ့များ ပေးခဲ့ကြောင်း YMA က ပြောသည်။
YMA က မီဇိုရမ်အခြေစိုက် ချင်းအဖွဲ့အစည်း ၂၃ ဖွဲ့မှ ခေါင်းဆောင်များကို အစည်းအဝေးခေါ်ယူခဲ့ပြီး HRW ကို မမှန်သတင်းများ ပေးခဲ့သည်ဟု စွပ်စွဲပြောကြားကာ အစီရင်ခံစာကို ငြင်းဆိုရန် တောင်းဆိုခဲ့သည်။