တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာ ပါဝင်ပြသ

တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာ ပါဝင်ပြသ
by -
မျိုးကြီး
တရုတ်နိုင်ငံတွင် ယနေ့ စတင်လိုက်သည့် ၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့  မြန်မာထွက်ကုန်များလည်း ပြသလျက် ရှိသည်။ ၅ ရက်ကြာ ကျင်းပမည့် ပြပွဲ ...

ရွှေလီ (မဇ္စျိမ)။      ။ တရုတ်နိုင်ငံတွင် ယနေ့ စတင်လိုက်သည့် ၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့  မြန်မာထွက်ကုန်များလည်း ပြသလျက် ရှိသည်။

၅ ရက်ကြာ ကျင်းပမည့် ပြပွဲကို ကွမ်းရှီးပြည်နယ် နန်နင်းမြို့၌် ယနေ့ ဖွင့်လှစ်ရာ ပြခန်းပေါင်း ၄၆၀၀ ကျော် ရှိသည့်အနက် မြန်မာနိုင်ငံက ပြခန်း ၃၀ ခန့်တွင် သစ်တောထွက်ပစ္စည်း၊ ငါး၊ ခေါက်ဆွဲ၊ ကျောက်မျက် ရတနာများ အပါအဝင်ဖြင့် ခင်းကျင်းပြသခြင်း ဖြစ်သည်။

“မြန်မာဘက်ကတော့ ပြခန်း ၃၀ လောက် ရှိလိမ့်မယ်။ အဓိကကတော့ သစ်တောထွက် ပရိဘောဂတွေပါမယ်။ နောက် ငါးတွေ ပါမယ်။ ခေါက်ဆွဲတို့၊ ရွှေချည်ထိုးတို့ တချို့ ပါမယ်။ အဓိကတော့ ကျောက်တွေအများစု လာပြကြတာ တွေ့ရတယ်” ဟု ကျောက်မျက်အနုပညာ အရောင်းပြခန်းမှ  ဆိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။

ရန်ကုန်နှင့် မန္တလေးမှ အများစုပါဝင်သည့် မြန်မာကုန်သည်များနှင့် လုပ်ငန်းရှင်များသည် ကွမ်းရှီးပြည်နယ်သို့ လေကြောင်းခရီးဖြင့် လာရောက်ခဲ့ကြသည်။

အရောင်းပြခန်း ဆိုင်ရှင်က “အရောင်းအဝယ်ကတော့ ဒီနေ့က နည်းနည်း အေးပါတယ်။ ကျောက်တွေလောက်ပဲ နည်းနည်းပါးပါး ရောင်းရတယ်။ လူကတော့ မနှစ်ကလောက် သိပ်မစည်သလိုပဲ” ဟု ပြောသည်။

ယနေ့ဖွင့်ပွဲသို့ တရုတ် ဒုတိယဝန်ကြီးချုပ် လီခဲ့ချိန် (Li Keqiang) ဦးဆောင်တက်ရောက်ကာ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူးချုပ် စူရင်ပီစူဝန်နှင့် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ နအဖ စစ်ကောင်စီ အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်း တက်ရောက်ခဲ့ကြသည်။

ပြပွဲသို့ တရုတ်နှင့် အာဆီယံသာမက အမေရိကန်၊ ပြင်သစ်နှင့် အိန္ဒိယမှ ကုမ္ပဏီ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါ လာရောက်ကြသည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်-အာဆီယံ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၁၁၀၀ (၂ သိန်း ၃ သောင်းကျော်) အထိ ရောက်ရှိခဲ့ကာ ယခင်ထက် ၁၄ ရာခိုင်နှုန်း တိုးတက်လာပြီး၊ ယခုနှစ် ဧပြီလအထိ ဒေါ်လာသန်းပေါင်း ၅၄၈၀၀ အထိ ရှိခဲ့ကြောင်း တရုတ်မီဒီယာများက ဆိုသည်။

တရုတ်-မြန်မာ ကုန်သွယ်မှု ပမာဏမှာမူ ပြီးခဲ့သည့်နှစ်တွင် အမေရိကန် ဒေါ်လာ ဘီလျံ ၂ ဒဿမ ၆၂၆ ရှိခဲ့ရာ၊ မြန်မာသို့ တင်ပို့ခဲ့သည့် တရုတ်ကုန်စည် တန်ဖိုးမှာ ဘီလျံ ၁ ဒဿမ ၉၈၇ ရှိခဲ့သည်။

လာမည့် နှစ်ဆန်းတရက်နေ့တွင် နန်နင်းမြို့၌ တရုတ်-အာဆီယံ လွပ်လပ်သော ကုန်သွယ်ရေးဇုန်တခု စတင်တည်ထောင်ကာ၊ ၂၀၁၅ ခုနှစ်တွင် ကျယ်ပြန့်သော ကုန်သွယ်ရေးဇုန် ဖြစ်လာမည်ဟု တရုတ်မီဒီယာများက ပြောဆိုထားကြသည်။

Most read this week