အာဆီယံအတွက် လူထုကိုယ်စားလှယ် ရွေးချယ်

အာဆီယံအတွက် လူထုကိုယ်စားလှယ် ရွေးချယ်
by -
ဖနိဒါ
ထိုင်းနိုင်ငံတောင်ပိုင်း ဟိုဟင်မြို့တွင်ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း-အာဆီယံ ၁၅ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် လူထုကိုယ်စားလှယ်ကို ရွေးချယ် ...

မဇ္ဈိမ(ချင်းမိုင်) ။     ။ ထိုင်းနိုင်ငံတောင်ပိုင်း ဟိုဟင်မြို့တွင်ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း-အာဆီယံ ၁၅ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် လူထုကိုယ်စားလှယ်ကို ရွေးချယ်နိုင်ရန် ထိုင်းနိုင်ငံတောင်ပိုင်း Cha-am မြို့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လူထုအခြေပြုအဖွဲ့များ အစည်း အဝေး ကျင်းပနေသည်။

အာဆီယံ ၏ ၁၅ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ တောင်ပိုင်း၌ ယခုလ ၂၃-၂၅ ရက် တွင် ကျင်းပမည် ဖြစ်သည်။

“အာဆီယံ ညီလာခံ မတိုင်ခင်မှာ လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့မှ ဒေသထဲမှာ ရှိနေတဲ့ ပြည်သူလူထုတွေ ရင်ဆိုင် ကြံုတွေ့နေရတဲ့ ပြသနာ အခက်အခဲတွေကို အစိုးရကို ဖြေ ရှင်းပေးဖို့အတွက် ထိပ်သီးညီလာခံ မတိုင်ခင် လူထုကိုယ်စားလှယ် အသီးသီးကနေပြီးတော့မှ တွေ့ဆုံ ဆွေးနွေးတဲ့ အစည်းအဝေးပါ” ဟု အစည်းအဝေး တက်ရောက်သူ အာရှပစိဖိတ်ဒေသတွင်း မြန်မာ့ အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ ဒေါ်ခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးတွင် အာဆီယံ ဒေသအတွင်းမှ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ တက်ရောက်ကြပြီး မြန်မာလူထု အခြေပြု အဖွဲ့အစည်းအဖြစ် မြန်မာ အမျိုးသမီးရေးရာအဖွဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၊ Third force on Asean Burma အဖွဲ့တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၁၅ ဦးခန့် တက်ရောက်နေကြောင်း သိရသည်။

ထိုင်းအခြေစိုက် ဒီမိုကရေစီ အင်အားစုများမှ မြန်မာ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB၊ မြန်မာအမျိုးသမီးသမဂ္ဂ -BWU၊ ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG၊ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ-HREIB၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ဆိုင်ရာအဖွဲ့ စသည်တို့မှ ကိုယ်စားလှယ် တက်ရောက်ခဲ့ကြသည်။

အာဆီယံထိပ်သီး ညီလာခံတက်မည့် လူထုအခြေပြု အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အား မနက်ဖြန် တွင် ရွေးချယ်မည်ဖြစ်ပြီး ထုတ်ပြန်ချက် တစောင်လည်း ထုတ်ပြန်ရန် ရှိသည်။

မြန်မာနိုင်ငံ သာသနာ့ဥသျှောင်အဖွဲ့မှ ဆရာတော် ဦးသြဘာသက မြန်မာပြည်တွင်းရှိ ပြည်သူလူထုများ ကြံုတွေ့နေရသည့် စားဝတ်နေရေး အခက်အခဲများကို စစ်အစိုးရက မျက်ကွယ်ပြုထားကြောင်း ယနေ့ ဆွေးနွေးသည့် အာဆီယံ၏ လုံခြံုရေးနှင့် ငြိမ်းချမ်းရေး အစီအစဉ်တွင် တင်ပြခဲ့သည်။

မြန်မာအမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုနှင့် အဓမ္မပြုကျင့်ခံနေရမှုများနှင့်ပတ်သက်၍ WLB ကလည်း တင်ပြခဲ့သည်။

သို့သော် ယင်းတင်ပြမှု အားလုံးကို မြန်မာနိုင်ငံမှ လာရောက်ကြသည့် ကိုယ်စားလှယ်များက ငြင်းဆိုခဲ့ သည်ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

ယခုနှစ် ဖေဖော်ရီလကုန်ပိုင်းက ၁၄ ကြိမ်မြောက် အာဆီယံ ညီလာခံသို့ မြန်မာ့လူထု အခြေပြု ကိုယ်စားလှယ်အနေဖြင့် ဒေါ်ခင်ဥမ္မာက တက်ရောက်မည်ကို စစ်အစိုးရဘက်မှ ကန့်ကွက်ခဲ့သည်။

ယခု ပြုလုပ်နေသည့် အစည်းအဝေးတွင် အဓိကအားဖြင့် နိုင်ငံရေး-လုံခြံုရေးနှင့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့ကိုလည်း ဆွေးနွေးနေကာ လာမည့် အာဆီယံ ထိပ်သီးညီလာခံတွင် တင်ပြမည်ဖြစ်ကြောင်း လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၇ တွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။