မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်အတွင်းမှ သေနတ်သုံးလက် ယူဆောင် ထွက်ပြေး သွားသည့် တပ်သားကို လက်ခံထားသည့် လိုင်ကနီကျေးရွာမှ အိမ်ရှင်နှစ်ဦးကို မွန်ပြည်သစ်ပါတီမှ ဖမ်းဆီးထားသည်။
“ကျနော်တို့ခရိုင်က တပ်သားတစ်ဦး သေနတ်အရှည် နှစ်လက်နဲ့ အတိုတစ်လက် ခိုးပြီး ထွက်ပြေးသွားတယ်။ လိုင်ကနီရွာမှာ သူ့သူငယ်ချင်းအိမ်ရှိတယ်၊ အဲဒီအိမ်မှာ သူက သေနတ်အရှည်နှစ်လက်ကို ဝှက်ထားတယ်” ဟု မော်လမြိုင်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
၄င်းတပ်သားသည် ခိုးယူထားသည့် သေနတ်သုံးလက်မှ အရှည်နှစ်လက်ကို ၄င်း၏ သူငယ်ချင်းအိမ်တွင် ဝှက်ထားခဲ့သည်။ သေနတ်အတိုတစ်လက်ကို ၄င်းနှင့်အတူ ယူဆောင်ထားကာ ညနေပိုင်းတွင် သူငယ်ချင်ကို ခေါ်ကာ ပုန်းရှောင်နေသည်။
“အဲဒီတပ်သားက လိုင်ကနီမှာ ရောက်နေတယ်၊ သူ့ သူငယ်ချင်း အိမ်မှာ ရောက်နေ တယ်ဆိုတာကို ကျနော်တို့ သတင်းရတော့ သူ့သူငယ်ချင်းအိမ်ကို ဝင်ရှာတယ်၊ သေနတ် နှစ်လက်ကို တွေ့တယ်။ ဒါပေမယ့် အဲဒီတပ်သားနဲ့ အိမ်ရှင်က သူ့သားကိုတော့ မတွေ့ဘူး၊ ဒါကြောင့် ကျနော်တို့က အဲဒီ အိမ်ရှင်နှစ်ဦးကို ခေါ်ထားရတယ်” ဟု ၄င်းမွန်ပြည်သစ်ပါတီ တာဝန်သူက ဆက်ပြောသည်။
ဖမ်းဆီးထားသည့် အိမ်ရှင်နှစ်ဦးကို မော်လမြိုင်ခရိုင်မှ စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ထွတ်ပြေးလွတ်မြောက်နေသည့် အိမ်ရှင်သား အပါအဝင်ထွက်ပြေးနေသည့် တပ်သား မဖမ်းနိုင်သရွေ့ ဆက်လက် ထိန်းသိမ်းထားမည်ဟုလည်း ၄င်းက ဆက်ပြောသည်။
ထွက်ပြေးလာသည့် တပ်သားသည် ၄င်းတို့အိမ်တွင် သေနတ်ဝှက်ထားပြီး၊ ညနေပိုင်းတွင် ၄င်းတို့သားကိုခေါ်ကာ တနေရာမှာ သွားအိပ်မည်၊ မနက်မိုးလင်းမှ သေနတ်နှစ်လက်ကို ပြန်လာယူမည်ဟု ဖမ်းဆီးခံထားရသည့် အိမ်ရှင်နှစ်ဦးက မော်လမြိုင် ခရိုင်ရုံတွင် ထွက်ဆိုထားခဲ့သည်။
၄င်းတပ်သားသည် မည်သည့်အကြောင်းကြောင့် သေနတ်နှင့်တကွ ထွက်ပြေးလာပြီး၊ ၄င်းတွင် မည်သည့်အစီအစဉ်ရှိကြောင်းကိုလည်း ဖမ်းဆီးခံထားရသူ နှစ်ဦးက မသိကြောင်းလည်း ထွက်ဆိုထားပါသည်။