အသက် ရ၈ အရွယ်ရှိ သျှမ်းတော်လှန်ရေးသမားဟောင်း စဝ်ကော်ဖှာ့ သက်ကြီးရောဂါဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ရွာ နေအိမ်၌ အောက်တိုဘာ ၁၄ ရက် ည ၈း၂၀ နာရီ က ကွယ်လွန်အနိစ္စ ရောက်ပြီဖြစ်ကြောင်း သိရပါသည်။
“သက်ကြီးရောဂါနဲ့ဘဲ နေအိမ်မှာ ကွယ်လွန်သွားတာပါ။ ကျန်တဲ့ ရုပ်အလောင်းကိုတော့ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ပိန်းလုံအုပ်စု ခက်သုသာန် (ဧည့်သည်သုသာန်) မှာ သင်္ဂြိုဟ်မယ်” - ဟု မိသားစုဝင် တဦးက ပြောပြပါသည်။
စဝ်ကော်ဖှာ့အား ၁၉၄၃ သြဂတ်စ် ၁၃ ရက်က အမိ ပါ့ယွက်မွန်း၊ အဖ လုန်းကော်ခမ်း (သိန္နီမြို့ အတွင်းဝန် ဟောင်း) တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ စိုင်းကျော်ဇံ ဖြစ်ပါသည်။ ငယ်စဉ်က နမ္မတူမြို့ ကွန်ဗဲန့်ကျောင်း ၌ ပညာသင်ကြားကာ တောင်ကြီးမြို့ ကမ္ဘောဇကောလိပ်မှ အထက်တန်းပညာအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်ပညာဆည်းပူး ခဲ့သည်။ ၁၉၅၉ - ၁၉၆၁ အထိ ပြည်ထောင်စုအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန၌ ၀င်ရောက် အမှုထမ်းခဲ့ပြီး ၁၉၆၃ ခုနှစ် တောခိုကာ တော်လှန်ရေးခရီးစတင်ခဲ့သည်။
“စဝ်ကော်ဖှာ့က နာမည်ရခေါင်းဆောင်အဖြစ် ဦးဆောင်ဦးရွက်မြုပခဲ့ပေမဲ့ သူဟာ အမျိုးသားရေးအတွက် မနားမနေ လုပ်လာခဲ့တယ်။ လှုပ်ရှားမှုတိုင်း အစည်းအဝေးတိုင်း မနားမနေပါ၀င်ခဲ့သူ ဆိုတော့ တော်လှန် ရေးသမိုင်းမှာ အုပ်တချပ် သဲတပွင့်ဘဲ”- ဟု ပိန်းလုံက ရပ်မိရပ်ဖ တဦးကလည်းပြောပြပါသည်။
စဝ်ကော်ဖှာ့ တောစခိုစဉ် သျှမ်းပြည်လွတ်လပ်ရေးတပ်မတော် SSIA တပ်ရင်း ၁ ဗိုလ်ကန်းယုန်းအုပ်စု၌ တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ နောက်ပိုင်းတွင် SSPP ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၈၈ SSRC(SSUPC) ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွန်းဇိဏ်းက ခွန်ဆာတပ်ဖွဲ့နှင့်ပူးပေါင်းစဉ်မှစ၍ ၁၉၉၆ အထိ MTA မုန်တိုင်း တပ်မတော်ဟိုမိန်း ဌာချုပ်၌ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်အစိုးရထံ ခွန်ဆာ့အဖွဲ့ လက်နက်ချရာတွင်မူ မပါ၀င်ဘဲ ထိုင်းနိုင်ငံသို့ ခိုလှုံကာ ကွယ်လွန်ချိန်အထိ ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု လတ်တိုင်ကျေးရွာတွင်အခြေချနေထိုင်ခဲ့ပါ သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ် နန်းကျောင်းမိုင် ၊ သားသမီး ၃ ယောက်နှင့် မြေးမြစ်များကျန်ရှိကြောင်း သိရပါသည်။