သြစတြေးလျား ဖက်ရှင်ကုမ္ပဏီအုပ်စု မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ရပ်ဆိုင်းမည်

သြစတြေးလျား ဖက်ရှင်ကုမ္ပဏီအုပ်စု မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ရပ်ဆိုင်းမည်
by -
ဆလိုင်းပီပီ
Millers, Katies တို့ အပါအဝင် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ၄ ခု ပါဝင်သော သြစတြေးလျား ဖက်ရှင်အုပ်စုသည် မြန်မာနိုင်ငံတွင်း ကြောက်မယ်ဘွယ် ကောင်းလှသည့် လူ့အခွင့်အရေး မှတ်တမ်း ...

နယူးဒေလီ (မဇ္ဈိမ) ။       ။ Millers, Katies တို့ အပါအဝင် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ ၄ ခု ပါဝင်သော သြစတြေးလျား ဖက်ရှင်အုပ်စုသည် မြန်မာနိုင်ငံတွင်း ကြောက်မယ်ဘွယ် ကောင်းလှသည့် လူ့အခွင့်အရေး မှတ်တမ်းများကြောင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ကုန်သွယ်မှု ရပ်ဆိုင်းတော့မည်ဟု ကြေညာ လိုက်သည်။

Specialty Fashion Group – SFG သည် Burma Campaign Australia က ယခင်လတွင် ထုတ်ပြန်ခဲ့သော စီးပွားရေးလုပ်ငန်း ၈ ခုတွင် အပါအဝင် ဖြစ်သည်။ အဆိုပါ ကုမ္ပဏီများသည် မြန်မာနိုင်ငံကို ဒေါ်လာသန်းပေါင်းများစွာ ပေးအပ်နေသည့် ကုမ္ပဏီများ ဖြစ်သည်ဟု သြစတြေးလျား ကန်ပိန်းအဖွဲ့က ဆိုသည်။

သူတို့ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ကုန်ပစ္စည်းများကို ဝယ်ယူခြင်း၊ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသော ကုမ္ပဏီများနှင့် ဆက်ဆံခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း SFG က အောက်တိုဘာလ အစောပိုင်းက မိမိတို့ကို အသိပေး အကြောင်းကြားခဲ့သည်ဟု Burma Campaign Australia (BCA) အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဇက်တီဘရိတ် Zetty Brake က ပြောသည်။

''မြန်မာနိုင်ငံမှာ စစ်အစိုးရ ဆက်လက် အုပ်ချုပ်နေတာနဲ့ မြန်မာပြည်သူတွေကို ဆက်လက် ဖိနှိပ်နေတာကြောင့် မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ကျနော်တို့ အုပ်စုလိုက် ဆုံးဖြတ်ခဲ့ပါတယ်'' ဟု BCA မှတဆင့် ထုတ်ပြန်သော ကြေညာချက်တွင် SFG အတွင်းရေးမှူး ဟိုးဝပ်ဟားမင်း Howard Herman က ပြောသည်။

SFG သည် သြစတြေးလျားတွင် ဆိုင်ခွဲပေါင်း ၈၄၃ ခုရှိပြီး တနှစ် ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀.၆ သန်းရှိကာ နာမည်ကြီး အမှတ်တံဆိပ်များ ဖြစ်သော Millers, Crossroads, Katies, Autograph, City Chic, Queenspark တို့ ပါဝင်သည်။

ဤဖက်ရှင်အုပ်စုသည် မြန်မာနိုင်ငံမှ အမျိုးသမီး အဝတ်အထည်များကို အဓိက ဝယ်ယူတင်သွင်းသည်ဟု Zetty က ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အကျိုးစီးပွားရှိသော သြစတြေးလျား ကုမ္ပဏီများကို BCA က ပြီးခဲ့သည့်လတွင် စာရင်း ပြုစုထုတ်ပြန်ခဲ့ရာ Jetstar Airline, Twinza Oil Company တို့လည်း ပါဝင်သည်။ ယင်းတို့၏ စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများသည် စစ်အစိုးရကို ငွေကြေး ထောက်ပံ့ပေးရာ ရောက်နေသဖြင့် အဆိုပါ ကုန်သွယ်မှု လုပ်ငန်းများကို ရပ်ဆိုင်းပါရန် BCA က တောင်းဆို ထားသည်။

သြစတြေးလျား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် စစ်အစိုးရအတွက် နှစ်စဉ် အမေရိကန်ဒေါ် လာ ၂.၈ ဘီလျံ ရရှိနေသည်ဟု ခန့်မှန်းရကြောင်း Zetty က ပြောသည်။ ထိုငွေဖြင့် စစ်သား ရ၂၇ ဦးကို နှစ်စဉ် ထောက်ပံ့ ထားနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု လုပ်ငန်းများ ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းကို သြစတြေးလျား ဖက်ရှင်အုပ်စုက ကြိုဆိုလိုက်ပြီး အခြား သြစတြေးလျား ကုမ္ပဏီများကိုလည်း ဤသို့ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းကြပါရန် BCA က တိုက်တွန်း တောင်းဆိုလိုက်သည်။

''ဤသို့ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာခြင်းကို ကျနော်တို့ ကြိုဆိုပါတယ်။ တခြား သြစတြေးလျား ကုမ္ပဏီများကိုလည်း အလားတူ စစ်အစိုးရကိုကူညီပေးနေတာ၊ မြန်မာနိုင်ငံမှာ ပါဝင် လုပ်ဆောင်နေတာတွေ အတွက် တာဝန်ယူဖို့ ကျနော်တို့ အားပေးပါတယ်'' ဟု Zetty က မဇ္ဈိမကို ယနေ့ ပြောသည်။

ဤသို့ Specialty ဖက်ရှင်အုပ်စုသည် မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်သော်လည်း အခြားသော သြစတြေးလျား ကုမ္ပဏီ ၈ ခုမှာ မြန်မာနို်င်ငံတွင် ရင်းနှီးမြှုပ်နှံ နေဆဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု Zetty က ပြောသည်။

သြစတြေးလျား ကုမ္ပဏီများဖြစ်သော Andaman Teak Supplies Pty Ltd., Chevron, Gecko’s Adventure, Jetstar, Lonely Planet, Millers, Sri Asia Tourism, Twinza Oil  တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေး အကျိုး စီးပွားများရှိပြီး စစ်အစိုးရကို ထောက်ကူပေးနေသည်ဟု BCA ၏ ယခင်လတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

မြန်မာအစိုးရပိုင် Myanmar Airways International (MAI) နှင့် ပူးတွဲပြီး စင်္ကာပူ-ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ၄ ကြိမ် ပျံသန်းနေသော Jetstar လေကြောင်းလိုင်းကိုလည်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဤကန်ပိန်းအဖွဲ့က ပြီးခဲ့သည့် လအတွင်းက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းဦးစီးဌာနသို့ ပေးနေသော Jetstar လေကြောင်းလိုင်း၏ အခွန်ငွေသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၇၀၀၀၀(၁ သိန်း ရ သောင်း) မျှရှိသည်ဟု BCA က ပြောသည်။