မဇ္စျိမ (ချင်းမိုင်) ။ ။ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်း၌ ရာသီပေါ်တုပ်ကွေးရောဂါ ကူးစက်ခံရ သူများအနက် လေးပုံ သုံးပုံကျော်မှာ ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်သည်။
ဖာပွန်မြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ သဒါးဒဲ၊ တာအိုဒဲ့၊ သေးမူဒဲ၊ သဒဲဒဲ၊ တခေါ်တို့ဘော့၊ ထီးဆီးထ၊ ဟီဖိုးဒ၊ဲ မိမော်ဒဲ၊ ဝဲလူ ကျေးရွာများမှ ရွာသား ရ၀၀ ကျော်ထဲမှ ၅၀၀ ကျော်သည် ကျန်းမာလာပြီ ဖြစ်ကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး အဖွဲ့က ပြောသည်။
သို့သော် ယင်းမြို့နယ်ထဲမှပင် ထပ်မံဖြစ်ပွားသည့် ထီးဖိုးခီး၊ ပနိုင်ပေါ်ခို ၊ လောင်ဂျေ စသည့်ကျေးရွာ ၃ ရွာရှိ ဒေသခံ ၁၅၀ ကျော်ကိုမူ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းနှင့် နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့က ဆေးကုသ စောင့်ရှောက်မှု ပေးနေရဆဲ ဖြစ်သည်။
“ ထပ်ဖြစ်တဲ့ ရွာသုံးရွာက ပြီးခဲ့တဲ့ တစ်ပါတ်ကျော် လောက်က စဖြစ်တာ။ ကောက်ထားတဲ့ စာရင်းအရတော့ ၁၅၀ ကျော်လောက်ရှိနေပြီ။ ဒီ ၁၅၀ ကျော်ထဲ မှာတော့ ရ နှစ်အရွယ် ကလေးတယောက် ဆုံးသွားတယ်” ဟု ကျန်းမာရေးအဖွဲ့ ဒါရိုက်တာ ဦးမန်းမန်းက မဇ္စျိမကို ပြော သည်။
ယခင်က ယင်းဒေသတွင် တုပ်ကွေး ဖြစ်ပွားဖူးသော်လည်း ယခုတကြိမ်သည် ကူးစက်မှု မြန်ဆန်ပြီး လက္ခဏာမှာ A-H1N1 တုပ်ကွေးနှင့် ဆင်တူနေသောကြောင့် လူနာ နှာရည်များကို စစ်ဆေးရန် မဲဆောက်မြို့ဆေးရုံသို့ ပေးပို့ခဲ့သည်။
မဲဆောက်မြို့ဆေးရုံမှ ပြီးခဲ့သည့်လ ၂၉ ရက် အကြောင်းပြန်ကြားချက်အရ ယခု ဖြစ်ပွားနေသော တုပ်ကွေး ရောဂါသည် ရာသီပေါ် တုတ်ကွေး ရောဂါသာဖြစ်ပြီး A-H1N1 တုပ်ကွေး မဟုတ်ကြောင်း သိရသည်။
ရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း၊ ကို်ယ်ပူရှိန် မြင့်မားလာခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းများ၊ နှာရည်ယိုခြင်း၊ ခေါင်းထိုး၊ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ဝမ်းသွားခြင်းတို့ ဖြစ်သလို ကူးစက်မှုနှုန်း မြန်ဆန်သည်။
“Seasonal human influenza virus ပေါ့။ ရာသီအလိုက် ဖြစ်နေကျ တုပ်ကွေးအမျိုးအစားပေါ့။ H1 အမျိုးအစား ထဲကပဲ။ N တော့ မပါဘူးပေါ့ နော်။ သို့သော်လည်းပဲ ကူးစက်နှုန်းက တအားမြန်တဲ့ အခါကျတော့ အဲဒီဘက် ဒေသတွေကလည်း ကာကွယ်ဆေး မရရှိနိုင်တာရယ်။
နောက်တစ်ခုက ဖြစ်တဲ့ ရာသီကာလမှာက တောထဲကို စုပြီးတော့ ပုန်းအောင်း တိမ်းရှောင် နေကြရတော့ ဖြစ်သွားတာပေါ့” ဟု ဦးမန်းမန်းက ပြောသည်။
ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ပိတ်ထားခဲ့ရသော တာအိုဒဲ့ရွာမှ ယာယီအထက်တန်းကျောင်း တကျောင်းနှင့် သေမူဒဲ့ရွာ အလယ်တန်းကျောင်း တကျောင်း အပါအဝင် စာသင်ကျောင်း ၅ ကျောင်းကို လည်း ပြန်လည် ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။