နယူးဒေလီ။ ။ ဝါရင့်နိုင်ငံရေးသမားကြီးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်သည် မျက်စိဝေဒနာ ခံစားနေရသဖြင့် ယနေ့တွင် ခွဲစိတ်ကုသမှု ခံယူသွားမည်ဟု ၎င်းနှင့်နီးစပ်သူ မိတ်ဆွေများက ပြောသည်။
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ၁၂ လမ်းတွင် ဆေးခန်း ဖွင့်လှစ်ထားသည့် ဒေါက်တာလှမြင့်က သူ့ဆေးခန်း၌ ကိုယ်တိုင် ခွဲစိတ် ကုသပေးသွားမည် ဖြစ်သည်။
''အရင်တခါ ခွဲဖို့လုပ်တော့၊ ဆရာဝန်က နှလုံးကို စစ်ကြည့်တော့၊ အဲဒီမှာ နှလုံးက ပြဿနာရှိတော့ နှလုံးကို အရင်ခွဲတာ။ နှလုံးစက်တပ်ပြီး တော်တော် အခြေအနေကောင်းပြီ ဆိုကာမှ အခု မျက်လုံးကို သွားပြပြီး ခွဲဖို့လုပ်တာ'' ဟု ဦးဝင်းတင်၏ မိတ်ဆွေ ဦးအုန်းထွန်း၏ သားမက်ဖြစ်သူက မဇ္စျိမကို ပြောသည်။
''ခွဲစိတ်တာကို ညနေ ၄ နာရီခွဲမှာ စမှာပါ။ ဘယ်ဘက် မျက်လုံးကိုပါ။ ညာဘက်ကတော့ ခွဲစိတ်ပြီးသားပါ။ အခုဟာက အတွင်းတိမ် ဖြစ်တာပေါ့နော်။ ကောင်းကောင်းမမြင်ရဘူး။ ခွဲပြီးရင်တော့ ကောင်းသွားမှာပါ။ အခုတခေါက်ခွဲတာ ၂ သိန်း (ကျပ်) နီးပါး ကုန်မယ်လို့ ပြောတယ်'' ဟု ဦးဝင်းတင်၏ မိတ်ဆွေ ဦးမောင်မောင်ခင်က ပြောသည်။ သာမန် ခွဲစိတ်ကုသမှုဖြစ်ကာ၊ ခွဲစိတ်ပြီးပါက ယနေ့တွင်ပင် နေအိမ်သို့ ပြန်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဦးဝင်းတင်သည် ၁၉ နှစ်ကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်း စစ်အစိုးရက အကျဉ်းသား ၉၀၀၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရာ သူလည်းပဲ အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့သည်။ ထောင်မှ လွတ်မြောက်ပြီး နောက်ပိုင်း နှလုံးနှင့် မျက်စိပြဿနာ အပါအဝင် အခြား ရောဂါဝေဒနာ အများအပြားကို ခံစားခဲ့ရသည်။
တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထူးလိုလားသူ ဦးဝင်းတင်သည် အန်အယ်ဒီ ပါတီကို စတင်ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်မှ ဦးနှောက်ဟူ၍ လူသိများသည်။
အာဏာပိုင်များက သွယ်ဝိုက်၍ ဖိအားပေးမှုများ ရှိနေသဖြင့် ပိုင်ရှင်များက နေအိမ်ငှားရန် ဆန္ဒမရှိသဖြင့် ဝါရင့် သတင်းစာဆရာဟောင်းနှင့် ' တကိုယ်ရည်သမား' ဆရာဦးဝင်းတင်သည် ထောင်မှ လွတ်မြောက်လာပြီးနောက် အင်းစိန်နှင့် ရန်ကင်းရှိ မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ရက်သတ္တတပတ်စီ ဧည့်စာရင်းတိုင်၍ လှည့်ပတ်နေထိုင်ခဲ့ရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန် အာရှတော်ဝင် ဆေးခန်းတွင် နှလုံးခွဲစိတ်မှုတရပ် ခံယူခဲ့ရာ ဆရာဝန်များက သူ့ကို နှလုံးခုန်စက် တပ်ဆင်ပေးခဲ့သည်။
(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)