အန်အယ်ဒီ အကြီးတန်း ခေါင်းဆောင်များနှင့် သံတမန်များ ဆွေးနွေးမည်

အန်အယ်ဒီ အကြီးတန်း ခေါင်းဆောင်များနှင့် သံတမန်များ ဆွေးနွေးမည်
အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံနက်တွင် တွေ့ဆုံခဲ့သည့် ၃ နိုင်ငံ သံတမန်များသည် နေ့ခင်းပိုင်းတွင် ပါတီရုံးချုပ်သို့ သွားရောက်ကာ အခြားသော ပါတီခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံ ...

နယူးဒေလီ ။      ။ အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နံနက်တွင် တွေ့ဆုံခဲ့သည့် ၃ နိုင်ငံ သံတမန်များသည် နေ့ခင်းပိုင်းတွင် ပါတီရုံးချုပ်သို့ သွားရောက်ကာ အခြားသော ပါတီခေါင်းဆောင်များနှင့် ထပ်မံ တွေ့ဆုံဦးမည် ဖြစ်သည်။

ရန်ကုန်ရှိ မြန်မာပြည်ဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး နာရီပိုင်းအကြာတွင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်ပါ ရုံးချုပ်တွင် တွေ့ဆုံဦးမည်ဟု သိရခြင်း ဖြစ်သည်။

“အခုထိ ကျနော်တို့ သိထားတာကတော့ မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့တဲ့ သံတမန်များပေါ့ဗျာ” ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

သံတမန်များက လာရောက်တွေ့ဆုံမည်ဟူ၍ လွန်ခဲ့သည့် နာရီပိုင်းကမှ ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းထံ အကြောင်းကြား လာကြောင်းနှင့် မည်သည့်အကြောင်းအရာများ ပြောဆိုဆွေးနွေးကြမည်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလွန်းတင်နှင့် ဦးခင်မောင်ဆွေက သံတမန်များကို တွေ့ဆုံရန် ရုံးချုပ်တွင် အသင့်စောင့်ဆိုင်းနေပြီး၊ အခြားခေါင်းဆောင်များပါ လာရောက်နေပြီဖြစ်ကြောင်းနှင့် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်မှာမူ မျက်စိခွဲစိတ်ရန် အစီအစဉ်ရှိသဖြင့် တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။

အဖွဲ့ချုပ်ရုံးသို့ သံရုံးအလိုက် လာရောက်တွေ့ဆုံမှုများ မကြာခဏ ရှိခဲ့သော်လည်း ယခုကဲ့သို့ သံရုံး ၃ ရုံးမှ သံတမန်များ စုပေါင်း၍ လာရောက်တွေ့ဆုံခြင်းမှာ ပထမဆုံးဖြစ်သည်။

အဆိုပါ သံတမန်များသည် ယနေ့ နံနက် ၁ဝ နာရီမှ ၁၁ နာရီအထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံခဲ့သေးသည်။

ထိုသို့ တွေ့ဆုံခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လ ၂၅ ရက်နေ့တွင် အနောက်နိုင်ငံများမှ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးအတွက် ပူးပေါင်းဆောင်ရွက်လိုသည်ဟူ၍ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသား ပေးပို့ပြီးနောက် ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုလ ၃ ရက်နေ့နှင့် ရ ရက်နေ့များတွင် နိုင်ငံတော် ဧည့်ဂေဟာ၌ပင် တွေ့ဆုံခဲ့သေးသည်။