မြန်မာဘက်က နယ်စပ်ခြံစည်းရိုး ကာနေ၍ ဘင်္ဂလားဒေ့ရှ်က တပ်လှန့်ထား

မြန်မာဘက်က နယ်စပ်ခြံစည်းရိုး ကာနေ၍ ဘင်္ဂလားဒေ့ရှ်က တပ်လှန့်ထား
by -
ဆလိုင်းပီပီ
နယ်စပ်တွင် ခြံစည်းရိုးကာနေသည့် မြန်မာစစ်သားများ၏ လှုပ်ရှားမှု ကို စောင့်ကြည့်ရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နယ်စပ် လုံခြံုရေးတပ်ဖွဲ့များကို တပ်လှန့်ထား ...

နယူးဒေလီ (မဇ္ဈိမ) ။      ။ နယ်စပ်တွင် ခြံစည်းရိုးကာနေသည့် မြန်မာစစ်သားများ၏ လှုပ်ရှားမှု ကို စောင့်ကြည့်ရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နယ်စပ် လုံခြံုရေးတပ်ဖွဲ့များကို တပ်လှန့်ထားသည်။

မြန်မာစစ်တပ်သည် မိုးတွင်းကာလအတွင်း နယ်စပ်ခြံစည်းရိုး ကာရံမှုများကို ရပ်နားထားခဲ့ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ နတ်မြစ်တလျှောက် နယ်စပ် ခြံစည်းရိုးတိုင်များ ပြန်လည် စိုက်ထူလျက်ရှိသည်ဟု အမည် မဖော်လိုသူ သတင်းရပ်ကွက်တခုက ပြောဆိုခြင်း ဖြစ်သည်။

''နယ်စပ်ခြံစည်းရိုးကာရံတဲ့ အလုပ်ပြန်စဖို့အတွက် တပ်ရင်း ၃ ရင်း၊ အင်အား ၄၀၀ လောက် နယ်စပ်ကို ပြန်ရောက် လာပါတယ်'' ဟု အဆိုပါ သတင်းရပ်ကွက်က မဇ္စျိမကို ပြောသည်။

ယင်းကို တုံ့ပြန်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ဖွဲ့က နယ်စပ် လုံခြံုရေးအင်အားကို တိုးမြှင့် ချထားလိုက်ပြီး၊ နယ်စပ်ခြံစည်းရိုး ကာရံနေသည့် နေရာအနီးရှိ တပ်ဖွဲ့ဝင်များကိုလည်း တပ်လှန့်ထားလိုက်သည်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

နတ်မြစ်တလျှောက် ဤသို့ မြန်မာတပ်ဖွဲ့ဝင်များ လှုပ်ရှား ဆောင်ရွက်နေကြသည်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိတဦးက မဇ္ဈိမကို ပြောကြားလိုက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ နောက်တဆင့် မည်သို့ဆက်လုပ်မည်ကိုမူ သူက တစုံတရာ မှတ်ချက်ပေး ပြောကြားရန် ငြင်းဆိုသည်။

နယ်စပ်မျဉ်းနှင့် အလွန်နီးကပ်စွာ ခြံစည်းရိုး ကာရံနေသည်ကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ထားသော်လည်း မြန်မာစစ်သားများက နယ်စပ်တွင် ခြံစည်းရိုးကာရံရန် တိုင်များ ဆက်လက် စိုက်ထူလျက်ရှိသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

မြန်မာစစ်တပ်သည် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး၊ ကီလိုမီတာ ၁၂၀ ရှည် နတ်မြစ် နယ်စပ်တ လျှောက် ရ၀ ကီလိုမီတာခန့်မျှ ခြံစည်းရိုး ကွန်ကရစ်တိုင်များ စိုက်ထူပြီးဖြစ်သည်။ အဆိုပါ ခြံစည်းရိုးသည် နိုင်ငံတကာ နယ်နိမိတ်မျဉ်းမှ မီတာ ၅၀ အကွာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

''အမှန်က နယ်စပ်မျဉ်းက ကိုက် ၁၅၀ အကွာမှာမှ ဒီလို နယ်စပ်ခြံစည်းရိုး ကာရံမှာ ဖြစ်ပါတယ်'' ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

''ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် နောက်ထပ် စိုးရိမ်စရာတခုက ခြံစည်းရိုး ကာပြီးသွားရင် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာပြည် ပြန်ပို့လို့ရမှာ မဟုတ်တော့ဘူး'' ဟု အဆိုပါ အရာရှိက ပြောသည်။ နှစ်နိုင်ငံစလုံးက နယ်စပ်ခြံစည်းရိုးကို ကာကွယ်ရန် မြေမြှုပ်မိုင်းများ ချထားလာနိုင်သည့် အတွက် နယ်စပ်တလျှောက် နေထိုင်သော ကျေးရွာသားများ သေကြေပျက်စီးကြမည်ကို စိုးရိမ်ကြောင်း ကော့စ်ဘဇား အခြေစိုက် ကုလားတန် သတင်းကွန်ရက် လက်ထောက် အယ်ဒီတာ ဦးတင်စိုးက ပြောသည်။

''နှစ်နိုင်ငံစလုံးက နယ်စပ် ခြံစည်းရိုးတလျှောက်မှာ မြေမြှုပ်မိုင်းတွေ ချထားလာမှာကို ကျနော် စိုးရိမ်ပါတယ်။ အဲဒါရဲ့ အနီးတဝိုက်မှာ နေကြတဲ့ ရွာသားတွေ ထင်းရှာရာ၊ ကျွဲနွားကျောင်းရာမှာ အန္တရာယ် အလွန်ရှိပါတယ်'' ဟု သူက ပြောသည်။

ဤအတောအတွင်း နယ်စပ်ခြံစည်းရိုး ကာရံသည့် လမ်းကြောင်းအတွင်း ကျရောက်နေသော မြန်မာပြည်အနောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုကျေးရွာမှ အိမ်ထောင်စု ၈၀ ခန့်ကို သူတို့အိမ်များမှ ပြောင်းရွှေ့ပေးရန် မြန်မာစစ်တပ်က ညွှန်ကြားထားသည်။

''ဒီရွာသားတွေက ဘယ်မှ သွားစရာမရှိလို့ အခု ဒုက္ခရောက်နေကြပါတယ်'' ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။