ENC အထွေထွေ အတွင်းရေးမှူး စာကို ဥက္ကဋ္ဌ ဖြစ်သူ ကန့်ကွက်

ENC အထွေထွေ အတွင်းရေးမှူး စာကို ဥက္ကဋ္ဌ ဖြစ်သူ ကန့်ကွက်
by -
နန်းဒေဝီ
တိုင်းရင်းသား လူမျိုးများကောင်စီ ENC အထွေထွေ အတွင်းရေးမှူးက အမေရိကန် စီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်ထံ ပေးပို့စာနှင့် ပတ်သက်၍ ENC ၏ ရပ်တည်ချက် မဟုတ် ...

နယူးဒေလီ (မဇ္စျိမ)။     ။ တိုင်းရင်းသား လူမျိုးများကောင်စီ ENC အထွေထွေ အတွင်းရေးမှူးက အမေရိကန် စီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်ထံ ပေးပို့စာနှင့် ပတ်သက်၍ ENC ၏ ရပ်တည်ချက် မဟုတ်ကြောင်း ကောင်စီ ဥက္ကဋ္ဌ က ကြေညာချက်ထုတ်ကာ တု့ံပြန်ပြောဆိုလိုက်သည်။

“အမေရိကန်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကြိုတင် ဆန့်ကျင်ခြင်း မပြုဘဲ၊ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး အဖွဲ့များနှင့် မဲထည့်မည့် ပြည်သူများအတွက် ပြုလုပ်မည့် ပညာပေး သင်တန်းများကို ကူညီပံ့ပိုးပေးရန်၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် စောင့်ကြည့်ရေးအတွက် အဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ကူညီပံ့ပိုးရန်” ဟူ၍ ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် ထိုင်းအခြေစိုက် ENC အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထောက မစ္စတာ ဂျင်မ်ဝက်ဘ်ထံ ပေးပို့စာထဲတွင် တောင်းဆိုခဲ့သည်။

ဤသည်ကို ENC ဥက္ကဋ္ဌ ဦးခွန်ထယ်ဘူဖယ် Khu The Bu Phe ကမူ “ENC ၏ ရှင်းလင်းသည့် သဘောထားမှာ နအဖ ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ ၂ ခုစလုံးကို လက်မခံနိုင်ကြောင်း၊ အဖွဲ့အနေဖြင့် တိုင်းရင်းသားပါတီများ ဖြစ်စေ၊ တဦးချင်း ရွေးကောက်ပွဲ ဝင်မည့်သူများကို ဆန့်ကျင်ခြင်း မရှိသည့်အပြင်၊ ရွေးကောက်ပွဲတွင် မဲပေးမည့် သူများကိုလည်း ကန့်ကွက်ဆန့်ကျင်ခြင်း မရှိကြောင်း” ဟူ၍ ကြေညာချက်ထုတ်ပြန်ကာ ပြောဆိုခြင်း ဖြစ်သည်။ ထို့အပြင် မစ္စတာဂျင်မ်ဝက်ဘ်ထံ စာပေးပို့သည်ကို သူ့အနေဖြင့် မသိရှိခဲ့ကြောင်း ဆိုသည်။

ENC အထွေထွေ အတွင်းရေးမှူး၏ ပေးစာထဲတွင် ENC ရေတိုမူဝါဒဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသား အဖွဲ့အစည်းများ ဖွင့်လှစ်မည့် ရုံးများအတွက် ကူညီပံ့ပိုးပေးရန်လည်း တောင်းဆိုထားသေးသည်။

ENC ကို ပြည်ပရောက် တိုင်းရင်းသား အဖွဲ့အစည်းများဖြင့် ၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထိုအထဲတွင် ၁၉၉၀ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသား ပါတီများနှင့် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ၁၁ ပါတီ၊ တောတွင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ဖွဲ့စည်းထားသည့် အမျိုးသား ဒီမိုကရက်တစ်တပ်ဦး NDF မှ အဖွဲ့အစည်း ၈ ဖွဲ့၊ ထို့အပြင် ထိုနှစ်ဖွဲ့တွင် မပါရှိသည့် အခြားတိုင်းရင်းသား အဖွဲ့များလည်း ပူးပေါင်းပါဝင်နေသည်။

ထိုအဖွဲ့များမှာ တိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် နိုင်ငံတော် တည်ဆောက်ရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြည်တွင်းပြည်ပ၌ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားနေကြသည်။

NDF ကလည်း မစ္စတာဂျင်မ်ဝက်ဘ်ထံ ENC အတွင်းရေးမှူး ပေးပို့သည့် စာအပေါ် တု့ံပြန်သည့်အနေဖြင့် ၎င်းတို့၏ သဘောထားကို ထင်ဟပ်စေမည့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ဝေခဲ့သည်။

NDF ဥက္ကဋ္ဌ ဖဒိုဒေးဗစ်တာကပေါက “၂၀၀၈ ခုနှစ် ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ သတင်းစာ လွတ်လပ်ခွင့်နဲ့ နိုင်ငံရေး ပါတီတွေ လွတ်လွတ်လပ်လပ် စည်းရုံးလုပ်ဆောင်ခွင့် မပေးသေးဘဲနဲ့ အခုလို ENC ပြောတာက မမှန်ကန်ဘူး” ဟု မဇ္စျိမကို ရှင်းပြသည်။

သူက “နိုင်ငံရေးပါဝင်ခွင့် ရခဲ့ရင်တောင် အသုံးချလို့ မရဘူး” ဟု ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းရင်းသားများ အခွင့်အရေး ရပိုင်ခွင့် နည်းပါးသည့်အပေါ် ထောက်ပြပြောဆိုသည်။

ထို့အပြင် စစ်အစိုးရကို လုံးဝ အထီးကျန်ဖြစ်အောင် ပြုလုပ်ရမည့်အပြင်၊ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို မည်သည့် အဖွဲ့အစည်းကမှ အသိမှတ်မပြုရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးကို ဦးတည်မှု မရှိသဖြင့် NDF က ဆန့်ကျင်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံရေး ရပ်တည်ချက်ကြောင့် အကျဉ်း ကျခံနေရသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား နှစ်ရှည်ထောင်ဒဏ် ပေးခြင်းဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို လုံးဝ ဦးတည်ခြင်း မရှိကြောင်း NDF ကြေညာချက်က ဆိုသည်။ အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်များ၊ ရဟန်းသံဃာများအား ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု စစ်အစိုးရ၏ ဝါဒဖြန့်ချိနေခြင်းသည် လက်တွေ့တွင် လုံးဝ မဖြစ်လာနိုင်ကြောင်း ပြောဆိုထားသည်။

NDF သည် ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ လားဟူဒီမိုကရက်တစ်တပ်ဦး LDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဝ’ အမျိုးသားအဖွဲ့ WNO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့ အပါအဝင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် KNU ဗဟိုတပ်စခန်း ကော်သူးလေးကလည်း ENC အထွေထွေ အတွင်းရေးမှူးက အမေရိကန် စီးနိတ်အမတ်ထံ ပေးပို့ခဲ့သည့် စာနှင့်ပတ်သက်၍ KNU ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ထားရှိသည့် သဘောထားကို ထပ်မံဖော်ပြသည့် ကြေညာချက်တစောင်ကို ယနေ့ကပင် ထုတ်ပြန်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းသည့် ENC စာအပေါ် စိတ်ရှုပ်ထွေးစေကြောင်းနှင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ် ထွန်းကားရေးကို တစုံတရာ ဦးတည်နေခြင်း မရှိသဖြင့် ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် KNU ထုတ်ပြန်ချက်ကို ထပ်မံအတည်ပြုကြောင်း KNU ထုတ်ပြန်ချက်က ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် စစ်တပ် အုပ်ချုပ်ရေးကို ပိုမို သေချာစေသည်သာမက၊ တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေး အကာအကွယ်ပေးမှု မရှိသည့်အပြင် တိုင်းရင်းသားလူမျိုးနွယ်စုအကြား ခြိမ်းခြောက်မှု အန္တရာယ်ဟု ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာချက်ကို ဖောက်ဖျက်ရာ ရောက်ကြောင်း ထောက်ပြထားသေးသည်။