MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က Delta United ကို လွှဲပြောင်းပေးအပ်

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က Delta United ကို လွှဲပြောင်းပေးအပ်
by -
ကျော်ခ
ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တဦးသည် ဘောလုံးကလပ် မပိုင်ဆိုင်ရဟု ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA ၏ စည်းမျဉ်းတွင် ပြဋ္ဌာန်း ထားသဖြင့် မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သူငွေကြေး ထောက်ပံ့ ...

မဇ္စျိမ (ချင်းမိုင်)။       ။ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တဦးသည် ဘောလုံးကလပ် မပိုင်ဆိုင်ရဟု ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA ၏ စည်းမျဉ်းတွင် ပြဋ္ဌာန်း ထားသဖြင့် မြန်မာဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သူငွေကြေး ထောက်ပံ့နေသော Delta United အား ကုမ္ပဏီတခုသို့ တရားဝင် လွှဲပြောင်း ပေးလိုက်သည်။

FIFA စည်းမျဉ်းနှင့် ကိုက်ညီစေရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပိုင်သည်ဟု သတင်းထွက် နေသော Delta Unitedဘောလုံးကလပ် အသင်းအား Premier Coffee Company သို့ ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲဖြင့် တရားဝင် လွှဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်။

“စည်းကမ်းနဲ့ အညီပေါ့။ တခြား ဘောလုံးအဖွဲ့ချုပ်နဲ့ မဆက်နွယ်တဲ့၊ တိုက်ရိုက် မပတ်သက်တဲ့ လုပ်ငန်းရှင် ကို ဦးဇော်ဇော်က တောင်းဆိုပြီးတော့ Premier Coffee Company ကို ပြန်ပြီးတော့ လွှဲပြောင်းပေးလိုက် တာပါ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးတော့ လွှဲလိုက်တာပါ။ သူသုံးထားတဲ့ သိန်း ၅၀၀၀ ကျော် ကို တပြားမှ မယူဘဲနဲ့ အလကား ပေးလိုက်တာပါ” ဟု MFF ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက မဇ္စျိမကို ပြောသည်။

လွဲပြောင်း ပေးအပ်သည့် အခမ်းအနားကို ရန်ကုန်မြို့ Trader Hotel တွင် ပြုလုပ်ခဲ့ပြီး ဦးဇော်ဇော်နှင့်အတူ Delta United ၏  နာယက ဦးစိုးဟန်လင်း၊ စီအီးအို ဦးခင်မောင်ကြိုင်တို့နှင့် Premier Coffee Company မန်းနေးဂျင်း ဒါရိုက်တာ ဦးထွန်းရင်၊ ဒါရိုက်တာ ဒေါက်တာ ထင်ကျော်တို့က လက်မှတ်ထိုးခဲ့သည်။ ထိုအစီအစဉ်တွင် သတင်း မီဒီယာသမားများနှင့် အခြား ဖိတ်ကြားထားသူများလည်း တက်ရောက်ခဲ့ ကြသည်။

Delta United အသင်းအား လွှဲပြောင်း ယူခဲ့သော Premier Coffee Company ပိုင်ရှင် မည်သူ ဖြစ်သည်ကို အတိအကျ ထုတ်ဖော် မရသေးသော် လည်း ယင်းကုမ္ပဏီသည် Diamond Star (ဂျုံမှုန့်) အပါအဝင် အခြားလုပ်ငန်း ပေါင်းများစွာ ရှိသေးကြောင်း သိရသည်။

ဤသို့ အခမ်းအနားဖြင့် မလွှဲပြောင်းမီ ပြီးခဲ့သည့်လ ၂ ရက်နေ့တွင် ပြုလုပ်သော Delta United မှ ကစားသမား အသစ်များနှင့် လက်မှတ် ထိုးပွဲ၌ Delta United ဘောလုံး ကလပ်အသင်းသည် “တိုင်း ကိုယ်စားပြု” ထားသည့် အတွက် ပိုင်ရှင်အစစ်မှာ ဧရာဝတီတိုင်းမှ ဒေသခံများနှင့် ရန်ကုန်ရောက် ဧရာဝတီတိုင်းသားများသာ ဖြစ်ကြောင်း MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောခဲ့သေးသည်ဟု ပြီးခဲ့သည့်လ ၁၀ ရက်နေ့ထုတ် 7 DAY NEWS ဂျာနယ်တွင် ဖော်ပြထားသည်။

အသင်း တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူ အကြီးအကဲများကမူ Delta United အသင်းကို မည်သူ ပိုင်ဆိုင်ကြောင်း အတိအကျ ဖြေကြားနိုင်ခြင်း မရှိပေ။ ဦးဇော်ဇော်သည်လည်း ယခုအခါ နေပြည်တော်သို့ ရောက်နေကြောင်း သိရသည်။

Delta United ဘောလုံးကလပ်၏ အင်တာနက် စာမျက်နှာ၌လည်း ကလပ်ပိုင်ရှင် အမည်အား “ဧရာဝတီတိုင်း လုပ်ငန်းရှင်များ” ဟုသာ ဖော်ပြ ထားသည်။ သို့သော် Main Sponsor (အဓိက ထောက်ပံ့ ကူညီသူ) နေရာ၌မူ ဦးဇော်ဇော် ပိုင်ဆိုင်သည့် Max Myanmar ကုမ္ပဏီလက်ခွဲ “Max Cement” ဘိလပ်မြေ ကုမ္ပဏီ အမည်ကို ဖော်ပြ ထားသည်။

ထို့အပြင် ဦးဇော်ဇော် အနေဖြင့် ဘောလုံးအသင်းကို ငွေကျပ်သိန်း ၅၀၀၀ ကျော် ရင်းနှီးမြှုပ်နှံ ထားခဲ့ပြီးမှ Premier Coffee Company သို့ အခမဲ့ လွှဲပြောင်း ပေးလိုက်ခြင်း၏ နောက်ကွယ်မှ သဘောတူညီချက်များနှင့် ပတ်သက်၍လည်း မသိရကြောင်း ဦးဇော်ဇော်၏ ကုမ္ပဏီ အရာရှိတဦးက ပြောသည်။

Delta United အသင်းအား လွှဲပြောင်းယူခဲ့သော Premier Coffee Company က ယခုလ ၃ ရက်နေ့တွင် အသင်း ဘုတ်အဖွဲ့အား ပြန်လည် ဖွဲ့စည်းမည် ဖြစ်သည်။

Max Myanmar ကုမ္ပဏီကို ၁၉၉၃ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ကား၊ မီးအားမြှင့်စက်၊ စက်ပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကျောက်မျက် ရောင်းဝယ်ရေး စသည့်လုပ်ငန်းများ လုပ်ကိုင် လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရာဘာ စိုက်ပျိုးရေး စီမံချက်များပါ လုပ်ကိုင်လာခဲ့သည်။

Delta United သည် ယခုရာသီ Myanmar National league Cup – MNL ဖလား ပွဲစဉ် တလျှောက် ၅ ပွဲ ကစားခဲ့ရာ ၄ ပွဲနိုင် ၁ ပွဲသရေ၊ ရှုံးပွဲ မရှိဖြင့် ရလဒ်ကောင်းပြီး ဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။ ယခင်ရာသီတွင် နောက်ဆုံးနေရာ ဖြစ်သည့် အဆင့် ၈ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။