ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ထားသည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားများ၏ နေရပ်အိမ်များတွင် ငွေကြေး အတင်းအဓမ္မ တောင်းနေသည်မှာ ၄င်းတို့အနေနှင့် မဟုတ်ကြောင်း မြန်မာအစိုးရမှ ထိုင်းအစိုးရထံသို့ စာပို့ခဲ့သည်။
မြန်မာအစိုးရမှ အလုပ်သမားများ၏နေရပ်၌ ပိုက်ဆံတောင်းနေသည်မှာ ၄င်းတို့အနေနဲ့ လုံးဝမဟုတ်ကြောင်းကို လွန်ခဲ့သော စက်တင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စာလှယ်တစ်ဦးက ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနချုပ်သို့ အစီရင်ခံစာ တင်ထားပါသည်။
မြန်မာအစိုးရကလည်း၂၀၁၀ ရွေးကောက်ပွဲနှင့် နီးကပ်လာသည့်အတွက်ကြောင့် ထိုသို့ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ဖြစ်မြောက်သွားပါက ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများ၏ နေရပ်လိပ်စာများရရှိသွားသည့်အတွက် ၄င်းတို့ကိုထောက်ခံသည့် အထောက်အထား ရသွားနိုင်သည်ဟု Labour Right Promotion Networks မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီသတင်းက အမှန်တကယ်မဟုတ်ကြောင်းနဲ့ ကောလဟာလဖြစ်တယ်ဆိုတဲ့အကြောင်းကို ထိုင်းအစိုးရကို တင်ပြတာ၊ မြန်မာအစိုးရက ဒီယာယီပတ်စပို့ မဖြစ်ဖြစ်အောင်ကို လုပ်ခြင်နေတာ၊ မြန်မာအလုပ်သမားတွေ ပတ်စပို့သွားလုပ်လို့ ဖမ်းခံထိတဲ့သူရယ်၊ ရွာမှာပိုက်ဆံသွားကောက်နေတာတွေ သူတို့မလုပ်ဘူးလို့ ပြောခြင်နေတာ” ဟု ၄င်းက ဆက်ပြောသည်။
မြန်မာအစိုးရမှ ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနရုံးသို့ ပေးပို့သောစာတွင် ၄င်းတို့အနေဖြင့် ငွေကြေးမကောက်ခံကြောင်း ရှင်းလင်းထားပြီး လာမည့် အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံတွင်ရှိနေသော အလုပ်သမားများကူညီစောင့်ရှောက်ပေးနေသော NGOs အဖွဲ့များကိုလည်း ကိုယ်တိုင်လာရောက် ရှင်းလင်းပေးလိမ့်မည်ဟုလည်း ရေးသားထားသည်။ ၄င်းစာသည် ထိုင်းအလုပ်သမားရုံးမှတဆင့် မဟာချိုင်မြို့ရှိ Labour Right Promotion Networks အဖွဲ့အစည်းသို့ ရောက်ရှိလာကြောင်းကို ၄င်းတာဝန်ရှိသူက ရှင်းပြပါသည်။
ထိုသို့ မြန်မာအစိုးရက ၄င်းအနေနှင့် ငွေကြေးမကောက်ခံကြောင်း ထိုင်းအစိုးရထံသို့ စာပေးပို့သော်လည်း ယာယီမြန်မာနိုင်ငံကူးလက်မှတ်စာအုပ် (ယာယီပတ်စပို့) သွားရောက်ပြုလုပ်သည့် မြန်မာအလုပ်သမားအများအပြား မြန်မာအစိုးရ၏ ဖမ်းဆီးခြင်ခံရသည့်အပြင် ငွေကြေးများလည်း အဆမတန် ပေးဆောင်နေရသည်ဟု အလုပ်သမားများ အများစုက ပြောသည်။
လွန်ခဲ့သော ရက်သတ္တပတ်တွင် မဟာချိုင်မြို့မှ မြန်မာအလုပ်သမား (၂၀) ဦးတို့ ယာယီပတ်စပို့ သွားလုပ်ရာမှ မဲဆောက်တွင် မြန်မာအစိုးရတို့ ဖမ်းဆီလိုက်ပြီး နေပြည်တော်သို့ ပို့ဆောင်လိုက်သည်ဟု ဘန်ကောက်တွင်အလုပ်လုပ်ကိုင်နေသည့် မုဒုံမြို့နယ်မှ အလုပ်သမားတစ်ဦးက ပြောသည်။
“အဲဒီအဖမ်းခံထိတဲ့ အလုပ်သမားတွေက မုဒုံမြို့နယ် နှီးဗဒေါရွာနဲ့ ဒိုးမာရွာက၊ သူတို့က ပိုက်ဆံ (၂၅) သိန်း ပေးပြီးသွားပြီး၊ ဒါပေမယ့် အစိုးရက မလွှတ်ပေးသေးဘူး၊ ဒါကြောင့် ကျွန်တော့်အမေက ပတ်စပို့ မလုပ်ဖို့ဖုန်းဆက်လာတယ်” ဟု ၄င်းက ဆက်ပြောသည်။
၄င်းတို့သာမက ဘန်ကောက်မြို့မှ မြန်မာအလုပ်သမား (၇၀) ဦးတို့ တာချီလိတ်မြို့တွင် ယာယီပတ်စပို့သွားလုပ်ရာမှ မြန်မာအစိုးရတို့က ဖမ်းဆီးလိုက်သည်ဟု အဖမ်းခံလိုက်ရသည့်အလုပ်သမားနှင့် နီးစပ်သည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
“ပတ်စပို့လုပ်ဖို့ အလုပ်သမားတွေကို သူဌေးကိုယ်တိုင် သွားပို့ပေးတာ၊ ဟိုရောက်တော့ သူဌေးကို ပြန်ခိုင်းလိုက်တယ်၊ နောက်နေ့မှလာလို့ ပြောတယ်၊ နောက်နေ့ သူဌေးက သွားတော့ သူတို့က အပြစ်ရှိလို့ နေပြည်တော်ထောင်ကို ပို့လိုက်ပြီးလို့ပြောတယ်၊ လူတစ်ယောက်ကို မြန်မာငွေ ၁၆ သိန်း၊ တချို့ဆိုရင် ၁၂ သိန်း သွားရွေးရမယ်လို့လည်း ပြောတယ်” ဟု ၄င်းက ပြောသည်။
ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့ရှိ မြန်မာအလုပ်သမား အများစု ပတ်စပို့မလုပ်တော့ဘဲ အမိမြေပြန်ရန် ပြင်ဆင်နေကြသည်ဟု ဟတ်ယိုင်မြို့တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။“ကျွန်တော်တို့က ပတ်စပို့မလုပ်တော့ဘူး၊ ပြန်တော့မယ် ဒီရောဘာခြံမှာ အလုပ်လုပ်နေတဲ့လူ ထောင်နဲ့ချီရှိနေတယ်၊ ဘယ်သူမှ မလုပ်ရဲကြဘူး၊ ဒီဘတ် (အလုပ်သမားမှတ်ပုံတင်ကဒ်) သက်တမ်းကုန်ရင် ပြန်တော့မယ်” ဟု ၄င်းက ဆက်ပြောသည်။
မြန်မာအလုပ်သမားများ ယာယီပတ်စပို့လုပ်ရန် Labour Right Promotion Networks အဖွဲ့အစည်းမှ အလုပ်သမားများအာ သင်းတန်းပို့ချပေးသော်လည်း ယာယီပတ်စပို့အပေါ် ယုံကြည်မှုရှိသူများမှာ ၅ ရာခိုင်နှုန်းလောက်တာ ရှိသည်ဟု အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဒီပတ်စပို့လုပ်တာလည်း အလုပ်သမားတွေအပေါ်မှာ အများကြီးလိုအပ်ပါတယ်၊ ပတ်စပို့လုပ်တဲ့ ရုံးကိုရောက်တော့ ဗမာအစိုးရတွေက ဟိုဟိုဒီဒီမေးမယ်၊ မွန်အဖွဲ့တွေနဲ့ သွားဖူးလား၊ ဒါမဟုတ် မွန်အမျိုးသားနေ့သွားဖူးလားလို့မေးတော့ အလုပ်သမားတွေက ကြောက်နေတဲ့ပုံစံနဲ့ဆိုရင် အပြစ်ရှိတဲ့ပုံစံနဲ့ ခေါ်သွားပြီး ထောင်ချလိုက်တာပေါ့၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း အလုပ်သမားတွေ ပတ်စပို့မလုပ်ချင်ဘူးဆိုရင် အတင်းမပြောတော့ဘူး၊ သူတို့ အပေါ်မှာပဲ မူတည်တယ်” ဟု ၄င်းက ဆက်ပြောသည်။
ယခုပြုလုပ်နေသော လက်မှတ်သည် ပတ်စပို့ (နိုင်ငံကူးလက်မှတ်) ဟု အမည်ခံထားသော်လည်း ၄င်း၏ရှေ့တွင် ယာယီ ဆိုသော စကားလုံးကြောင့် ၄င်းလက်မှတ်ပေါ် ယုံကြည်မှုလျော့နည်းသည်။ မြန်မာအစိုးရအနေနှင့်လည်း ယာယီနိုင်ငံကူးလက်မှတ်ကိုဖျက်သည့်အချိန် ဖျက်ဆီးနိုင်ကြောင်း၊ ယခုလိုမျိုး ပတ်စပို့သွားလုပ်သည့်အတွက် အလုပ်သမားများ၏ နေရပ်လိပ်စာ အတိအကျကို ရရှိသွားသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးသည့်အရေအတွက် ရရှိလိမ့်မည်ဟု Labour Right Promotion Networks အဖွဲ့မှ အဖွဲ့ဝင်က ၄င်း၏အမြင်ကို ပြောသည်။
လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အလုပ်သမားမှတ်ပုံတင်ကဒ် သက်တမ်းကုန်ဆုံးမည်ဟု ထိုင်းအစိုးရမှ တရားဝင်ကြေငြာထားပြီးဖြစ်သည်။