မြန်မာစစ်တပ် ခမရ ၃၅၆ စစ်ကြောင်း ၂ မှ ကင်းသမား၏ပစ်ခတ်မှုကြောင့် မဲဇလီကျေးရွာမှ ရယကအဖွဲ့ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ ထိုင်-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှတဆင့် စံခလပူရီဆေးရုံသို့ တင်ပို့လာပြီး ၄င်းက ဆေးဝါးကုသပေးရန် ပစ္စည်းအလုံလောက်မရှိသဖြင့် ကန်ချနပူရီဆေးရုံသို့ ယမန်နေ့ညနေပိုင်းခန့်က တင်ပို့လိုက်သည်။
“လူနာကတော့ စိုးရိမ်ရမယ့်အခြေနေတော့ ရှိနေပါတယ်၊ စံခလပူရီဆေးရုံမှာတော့ ဆရာဝန်တွေပြောတာက ဘယ်ဘက်ခြေထောက်ကတော့ဖြတ်ရမယ့်အခြေနေပဲလို့ပြောတယ်၊ ဒါပေမယ့် ကန်ချပူရီဆေးရုံရောက်သွားတော့ ဘာမှမကြားရသေးဘူး၊ ကိုယ့်လူတွေလည်း ပါမသွားဘူး၊ အခြေနေကိုတော့ စောင့်ကြည့်နေတုန်းပဲ” ဟု အထက်ပါ ဒဏ်ရာရရှိထားသူ အသိုင်းဝိုင်း၏ ပြောပြချက်အရ သိရသည်။
ဒဏ်ရာရရှိထားသူသည် ဦးကျော်လှဖြစ်ပြီး မဲဇလီကျေးရွာမှ ရယကအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ မဲဇလီကျေးရွာသို့ ရောက်လာသည့် တပ်အင်အား ၄၀ ကျော်ရှိ ခမရ ၃၅၆ စစ်ကြောင်း ၂ သည် ၄င်းရယကအိမ်တွင် တပ်ချထားပြီး ကေအန်ယူတို့၏ ချုံခိုတိုက်ခိုက်မှုကို စိုးရိမ်သောကြောင့် ထိုသူကို ကင်းစောင့်သမားနှင့်အတူ အိပ်ခိုင်းသည်။
“ဦးကျော်လှဆိုတဲ့လူကို သူတို့ရဲ့ကင်းသမားနဲ့အတူ အိပ်ခိုင်းတယ်၊ ကင်းသမားတွေကလည်း တစ်နာရီ တစ်ယောက်လဲတယ်၊ အဲဒီလိုနဲ့ မနက် ၂ နာရီလောက်မှာ မိုးရွာတယ်၊ ဦးကျော်လှက မိုးရွာလာတော့ နေရာပြောင်းမှာပေါ့၊ အဲဒီအချိန်မှာ ကင်းသမားကလည်း အသစ်လဲထားတဲ့ကင်းသမားဖြစ်နေတယ်၊ ဦးကျော်လှထပြီးတော့ အိပ်ရာပြောင်းရာမှာ ဟိုကင်းသမားက ဘာမသိဘဲနဲ့ ၄ ချက်လောက်ပစ်ထည့်လိုက်တယ်” ဟု ဒဏ်ရာရရှိထားသူ ဦးကျော်လှနှင့် နီးစပ်သူ ကေအန်ယူတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိထားသူကို စစ်ကြောင်းမှူးမှ ဗမာကျပ်ငွေ နှစ်သောင်း ပေးဆောင်ပြီး ဘုရားသုံးဆူသို့ ရွာသားတို့၏ အကူအညီဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်မှာ သယ်ဆောင်လာသည်။ ဘုရားသုံးဆူမြို့မှ ဆရာဝန်က မကုသပေးနိုင်သည့်အတွက် ၄င်းမှတဆင့် စံခလပူရီဆေးရုံသို့ သယ်ဆောင်လာသည်။ ထိုမှတဆင့် ကန်ချနပူရီဆေးရုံသို့ အရေးပေါ်လူနာအဖြစ် ဆေးကုသခံယူနေသည်။
ဦးကျော်လှသည် ဘယ်ဘက်ပေါင်တွင် အရိုးကွဲအက်သည်ထိ ဒဏ်ရာရရှိထားပြီး ခြေထောက်မှာလည်း သေနတ်ဒဏ်ရာရှိကာ စုစုပေါင်း ၄ ချက်ခန့် အပစ်ခံထားရသည်ဟု ၄င်းက ဆက်ပြောသည်။
ခမရ ၃၅၆ သည် ကေအန်ယူ ထိန်းချုပ်ရာနယ်မြေအတွင်း ဝင်ရောက်လာပြီး ကေအန်ယူတို့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ၄င်းတို့ကို တပ်ဖြည့်ရန်အတွက် ခမရ ၃၅၅ ထပ်တက်လာသည့်အတွက် ခမရ ၃၅၆ စစ်ကြောင်း ၂ က အပြန်လမ်းမှာ မဲဇလီကျေးရွာအတွင်း စခန်းခဏချထားသည်။
ဘုရားသုံးဆူဒေသ ကေအန်ယူထိန်းချုပ်ရာနယ်မြေအတွင်း ဒီကေဘီအေတပ်နှင့် မြန်မာစစ်အစိုးရတပ်တို့ပူးပေါင်းပြီး တပ်စွဲထားရာမှ ကေအန်ယူတို့၏ ချုံခို တိုက်ခိုက်မှုကြောင့် မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေသည်။
ယမန်နေ့ကလည်း ခမရ ၃၅၆ မှ စစ်ကြောင်း ၁ ကို အပလုံနှင့် မြိုင်သာယာကျေးရွာကြားရှိ ကေအန်ယူတို့က ၁၀ မိနစ်ခန့် ချုံခိုတိုက်ခိုက်ခဲ့သည်။သို့သော်လည်း နှစ်ဖက်စလုံး မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိကြောင်း ကေအန်ယူနှင့် နီးစပ်သည့်အသိုင်းဝိုင်းမှ သိရသည်။