ထော့ကျိုး လွတ်ငြိမ်း ချမ်းသာခွင့်၊ ထောင်နေရာ လွတ်များ ဖန်တီးနေခြင်း

ထော့ကျိုး လွတ်ငြိမ်း ချမ်းသာခွင့်၊ ထောင်နေရာ လွတ်များ ဖန်တီးနေခြင်း
by -
ဘရိုင်ယန် မက်ကာတန်
ပြီးခဲ့သည့် အပတ်က အကျဉ်းသားများစွာ လွှတ်ပေးခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်၏ နောက်ကွယ်တွင် ကုလ အထွေထွေ ညီလာခံ ဖွင့်ပွဲမတိုင်ခင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျက်နှာသာ ရရှိ ...

ဘန်ကောက်၊ ထိုင်း။      ။ ပြီးခဲ့သည့် အပတ်က အကျဉ်းသားများစွာ လွှတ်ပေးခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်၏ နောက်ကွယ်တွင် ကုလ အထွေထွေ ညီလာခံ ဖွင့်ပွဲမတိုင်ခင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျက်နှာသာ ရရှိရေး ရည်ရွယ်ချက်ထက် ပိုမို၍ ဉာဏ်များ လှည့်ဖျားသော အကြောင်းကိစ္စ ရှိနေကောင်း ရှိနေနိုင်သည်။

လာမည့်နှစ် ကျင်းပမည့် ရွေးကောက်ပွဲတွင် နောက်ထပ် ထိန်းသိမ်းမည့် သူများအတွက် အကျဉ်းထောင်များ အတွင်း နေရာပိုမို ရှိလာစေရန် ဗိုလ်ချုပ်များ ရည်ရွယ် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

ထိုတွေးဆချက်ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကို ဖိနှိပ် ဖြိုခွဲပြီးကတည်းက မြန်မာပြည်ရှိ သံဃာတော် များ၏ အခြေအနေများကို အသေးစိတ် ဖော်ပြသော “လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာ“ ထုတ်ပြန် သဖြင့် ထိုင်းနိုင်ငံ နိုင်ငံခြား စာနယ်ဇင်း ကလပ် FCCT ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့အရေး ကျွမ်းကျင်သူ “ဘာတီးလစ်တနာ“ က ယမန်နေ့တွင် ပြောခဲ့သည်။ သူက အကျဉ်းသားများ လွှတ်ပေးခြင်း၏ တိုင်ပင် (ချိန်သားကိုက်မှု) ကို မေးခွန်း ထုတ်ကာ ၎င်းသည် ဗိုလ်ချုပ်များ၏ အကျဉ်းထောင်များ အတွင်း နေရာလွတ် လိုအပ်ခြင်း အကြောင်းရင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၀၄ ခုနှစ် နိုဝင်ဘာလ ကတည်းက ပြုလုပ်ခဲ့သော အကျဉ်းသား လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှု စုစုပေါင်း ၆ ကြိမ်တွင် အကျဉ်းသား အားလုံး ၄၅၇၃၂ ဦး လွတ်လာကာ ထိုအထဲတွင် ၁ ဒဿမ ၃ ရာခိုင်နှုန်းသာ နိုင်ငံရေး အကျဉ်းသား ပါရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B ၏ အဆိုအရ သိရသည်။ ထိုအထဲမှ လွတ်ငြိမ်း ချမ်းသာခွင့် ၃ ခုမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွဲခံရပြီးချိန်မှ စတင်၍ ပေးခဲ့ခြင်း ဖြစ်သည်။၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် အခြေခံ ဥပဒေ ရေးဆွဲနေသော အမျိုးသား ညီလာခံ အဆုံးသတ်သည့် အထိမ်းအမှတ်ဟု ထင်ရသည့် လွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် အကျဉ်းသား ၈၅၈၅ ဦး လွတ်လာခဲ့ကာ နိုင်ငံရေး အကျဉ်းသား ဦးရေ ၂၀ သာ လွတ်မြောက် ခဲ့သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အကျဉ်းသား ၉၀၀၂ လွှတ်ပေးခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သော်လည်း NLD မှ ခေါင်းဆောင်ပိုင်း ဦးဝင်းတင် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၉ ဦးသာ လွတ်မြောက် ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ထပ်အကျဉ်းသား ၆၃၁၃ လွတ်ပေးခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား ၃၁ ဦးသာ ပါဝင်ခဲ့သည်။ ထိုလွတ်ငြိမ်း ချမ်းသာခွင့် အတွင်း စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် တရား မျှတသော ရွေးကောက်ပွဲတွင် အကျဉ်းသားများ ပါဝင်ခွင့် ရရှိစေရန် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။

AAPP-B နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ အဆိုအရ ထိုအချိန်၌ပင် နိုင်ငံရေးကိစ္စ အတွက် ဖမ်းဆီးခဲ့သော အရေအတွက်သည် နှစ်ဆကျော် ခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့်အပတ်က ပေးခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့် မတိုင်မီ မြန်မာ နိုင်ငံသား ဦးရေ ၂၂၅၀ ကျော်သည် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များနှင့် အလုပ် (ရဲဘက်) စခန်းများတွင် နိုင်ငံရေးအမှုနှင့် အကျဉ်းကျ ခံနေရသည်ဟု ယုံကြည်ရသည်။ စစ်အစိုးရအား အတိုက်အခံလုပ်သူ ရာပေါင်းများစွာ သည် ၂၀၀၇ ခုနှစ်ကတည်းက လျှို့ဝှက်စွာ မြေအောက် ဘဝနှင့် ရပ်တည်ခဲ့ရသလို အချို့လည်း ပြည်ပသို့ ထွက်ခွာ လာခဲ့ရသည်။

မကြာသေးခင်က ပေးခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်သည် စစ်အစိုးရ၏ ဂုဏ်သိက္ခာကို ကုလသမဂ္ဂ ညီလာခံ မစတင်မီ ချက်ချင်း အရောင်တင်ပေးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုညီလာခံကို နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက် လိမ့်မည်ဖြစ်ပြီး ပို၍ အရေးကြီးစွာပင် ၁၉၉၅ ခုနှစ်ကတည်းက ထိုအစည်းအဝေး တက်ရောက်ရန် ဖြစ်သော စစ်အစိုးရ၏ ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်လည်း တက်ရောက်မည် ဖြစ်သည်။ သူသည် အမေရိကန် သမ္မတ မစ္စတာ အိုဘားမား အစိုးရက မြန်မာပြည်နှင့် သက်ဆိုင်သော မူဝါဒသစ်ကို ကြေညာမည့် အချိန်နှင့်လည်း အချိန်ကိုက် တိုက််ဆိုင်နေသည်။

နိုင်ငံတကာ၏ အကောင်းမြင်မှုများကို ရရှိကာ အကျဉ်းသား အမြောက်အမြား လွှတ်ပေး ခဲ့သောကြောင့် ရရှိခဲ့သော အခွင့်အရေးက စစ်အစိုးရအား လူးသာ လွန့်သာသော အခြေအနေကို ပေးအပ် နိုင်မည်ဖြစ်၍ သူတို့၏ ရွေးကောက်ပွဲ ကို ဆန့်ကျင်သူများအား ဖိနှိပ်ရန်အတွက် ခြေတလှမ်းပင် တိုးလာနိုင်မည်ဖြစ်သည်။ ပြစ်ဒဏ်ဆိုင်းငံ့ပေးမှုက ဖမ်းဆီးမှုများကို တိတ်တဆိတ် ဆက်လက်ကျုးလွန်နေမှုများ  သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သဖြင့် သတိမပြုမိသလို ဖြစ်နေစဉ်၊ ဖမ်းဆီးမှု ပိုမိုတိုးပွားလာသည်များ ဖြစ်ပွားနေချိန် စစ်အစိုးရကို ကုလနှင့် အစိုးရများက ချီးမွမ်းရန် ဖြစ်စေခဲ့သည်။

စစ်အစိုးရသည် NLD အား အရှုံးပေးခဲ့ရသော နောက်ဆုံးကျင်းပခဲ့သည့် ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီက တည်ရှိခဲ့သည့် မဲဆွယ်လှုပ်ရှားမှုပုံစံများကို အလွန်တရာ သတိကြီးစွာ ထားနေကြသည်။ အတိတ်မှ သင်ခန်းစာများသည် စစ်အစိုးရအား နောက်တကြိမ် ထပ်ဖြစ်လာစေရန် လုံးဝ မစဉ်းစားစေခဲ့သလို သူတို့အား ဒုက္ခပေးနိုင်သူများအား လက်ဦးမှုယူကာ ဖယ်ထုတ်ထားနိုင်ရန်အတွက် သေချာစေရန် ခြေလှမ်း လှမ်းစေခဲ့သည်။

အတိုက်အခံအင်အားစုများကမူ လက်ရှိအကျဉ်းသားများ လွှတ်ပေးခြင်းကို နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ အမှန်တကယ် လွှတ်ပေးသော လှည့်ဖျားမှုတခုဟု မှတ်ယူကြသည်။ ထိုင်းနိုင်ငံအခြေစိုက်AAPP-B ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လက်ရှိအကျဉ်းသားများ လွှတ်ပေးခြင်းကို နိုင်ငံတကာဖိအားများ လျော့ကျသွားစေရန် လှည့်ဖျားကစားမှုတခုဟု ခေါ်ဆိုလိုက်သည်။ AAPP မှ ယမန်နေ့က ထုတ်သော သတင်းထုတ်ပြန်ချက်တွင် အကျဉ်းသား ၁၂၈ ဦးကိုသာ နိုင်ငံရေးမှုနှင့် အမှန်တကယ် ဖမ်းဆီးထောင်ချထားသည် ဆိုသည်ကို ဖော်ပြထားသည်။

“အရေးကြီးတဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင် မင်းကိုနိုင်နဲ့ တခြား ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေ အခုထိ ထောင်တွေထဲမှာပဲ ရှိသေးတယ်။ ဘာလို့လဲဆိုတော့ စစ်အစိုးရက သူတို့ရဲ့ အကြွင်းမဲ့ အာဏာကို ခြိမ်းခြောက်မယ့်သူတွေလို့ ယူဆလို့ပါပဲ“ ဟု AAPP-Bအတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။  ဒေါ်အောင်ဆန်းစုကြည်အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် သူမ၏ ကိုယ်ရေးအရာရှိ ဦးဝင်းထိန်တို့သည် ဖမ်းဆီးခံနေရဆဲပင်။

အတိုက်အခံအုပ်စုများနှင့် မြန်မာပြည်အရေး စောင့်ကြည့်လေ့လာနေသူများအကြား ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်း တိုးခဲ့ခြင်းသည် လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် သူမ မပါဝင်နိုင်စေရေး သေချာစေရန်အတွက် သေချာစွာ စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်များ အကြောက်ဆုံးဟု ထင်ရသော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ဆိုသည့် သူတို့၏ လမ်းပြမြေပုံကို အနှောင့်အယှက်ဖြစ်စေမည့် အစိုးရဆန့်ကျင်မှု အဖြစ်အပျက်မျိုးအတွက် ယခုထောင်ထဲတွင် ရှိနေသော ခေါင်းဆောင်များထဲမှ မည်သူမဆိုသည် အဓိကပင်ရင်း ဖြစ်လာနိုင်ပေသည်။