ဦးသုဝေနှင့် ဦးဝင်းနိူင်ရှင်းလင်းပွဲ ဂျာနယ်များတွင် ဖော်ပြခွင့် မရ

ဦးသုဝေနှင့် ဦးဝင်းနိူင်ရှင်းလင်းပွဲ ဂျာနယ်များတွင် ဖော်ပြခွင့် မရ
by -
နန်းဒေဝီ နှင့် နီမိုးမြင့်
အသစ် တည်ထောင်လိုက်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေနှင့် ဦးဝင်းနိူင်၏ ၂၀၁၀ ရွေးကောက်ပွဲအကြို ပတ်သက်သည့် သတင်းအချို့အား အပတ်စဉ် ဂျာနယ်များတွင် မဖော်ပြရန် စာပေစိစစ်ရေး ဌာနက ပိတ်ပင် ...

နယူးဒေလီ၊ ရန်ကုန် ။       ။ အသစ် တည်ထောင်လိုက်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေနှင့် ဦးဝင်းနိူင်၏ ၂၀၁၀ ရွေးကောက်ပွဲအကြို ပတ်သက်သည့် သတင်းအချို့အား အပတ်စဉ် ဂျာနယ်များတွင် မဖော်ပြရန် စာပေစိစစ်ရေး ဌာနက ပိတ်ပင် လိုက်သည်။

စစ်အစိုးရ ကြီးမှုးကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ထောက်ခံမှု ပေးနေသော ဝါရင့်နိူင်ငံရေးသမားကြီး ၂ ဦး၏ သတင်းစာ ရှင်းလင်းပွဲသတင်းကို မထင်မှတ်ဘဲ ပြန်ကြားရေးလက်အောက်ရှိ စိစစ်ရေးက ပိတ်ပင်ခဲ့မှုကြောင့် အပတ်စဉ်ထုတ် ဂျာနယ်များ စဉ်းစားရ ကြပ်ကုန်သည်။

“ဒီအပတ်ထုတ်မလို့ဟာ စနေနေ့က စိစစ်ရေး တင်လိုက်တာ။ အဖြုတ်ခံရတယ်။ တခြားသတင်းတပုဒ်နဲ့ အစားထိုး လိုက်ရတယ်” ဟု ဂျာနယ် အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။

မည်သည့်ဂျာနယ်များက ဖော်ပြရန် ကြိုးစားကြပြီး မည်သည့် အကြောင်းကြောင့် ပိတ်ပင်သည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း မဇ္ဈိမက မေးမြန်းခဲ့သည့် သတင်းစာဆရာများကတော့ ဆင်ဆာဖြတ်တောက်မှုကို ကြားသိရကြောင်း ပြောကြသည်။

ဂျာနယ်တခုက ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ပါတီထောင်မည်ဆိုသည့် သတင်းကို မျက်နှာဖုံးတင်၍ ထုတ်ဝေရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ပြောသည်။

ဝါရင့်သတင်းထောက်တဦးကတော့ မိမိဘာသာ သတင်းမရေးရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။ “ကျနော် ဒီသတင်း ရေးမလို့လုပ်နေတုန်း ပြည်ပသတင်းမီဒီယာတွေမှာ ဦးသုဝေနဲ့ ဦးဝင်းနိုင်တို့ ခေါ်ပြီး သတိပေးခံရတယ်ဆိုတဲ့ သတင်းတွေ့တော့ စိစစ်ရေး လွတ်မှာမဟုတ်ဘူးဆိုပြီး အဲဒီသတင်းကို ကျနော် မရေးတော့ဘူး။ ထင်တဲ့အတိုင်းပဲ ဘယ်ဂျာနယ်မှ ဖော်ပြခွင့်မရဘူး” သူက ပြောသည်။

ဆွေးနွေးပွဲသို့ ပြည်တွင်း သတင်းဂျာနယ်တချို့နှင့် ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတချို့က မြန်မာသတင်းထောက်များသာမက နယ်မြေခံ စစ်ထောက်လှမ်းရေး၊ သတင်းတပ်ဖွဲ့၊ ကြံ့ဖွံ့အသင်းဝင်များပါ တက်ရောက်ခဲ့သည်။

သို့သော် ဆွေးနွေးပွဲကျင်းပအပြီး ၃ ရက်အကြာ၊ ၁၇ ရက်နေ့တွင် ဗဟန်းမြို့နယ် အာဏာပိုင်များ၏ ခွင့်ပြုချက် ကြိုတင်မယူခဲ့သဖြင့် ဥပဒေချိုးဖောက်သည်ဟုဆိုကာ ဦးဆောင်ဆွေးနွေးခဲ့သူ နှစ်ဦးအား ခေါ်ယူသတိပေးခဲ့ပြီး၊ ၅ ဦးထက်ကျော်၍ နောက်နောင်တွင် စုဝေးမည်ဆိုလျှင် ကြိုတင် အကြောင်းကြားရမည်ဖြစ်ကြောင်းနှင့် အမိန့် ကြိုတင်ရထားမှသာ စုဝေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ခံဝန်ကတိ လက်မှတ်ထိုးခဲ့ရသည်။

ယခုသတင်း ဖော်ပြခွင့် ပိတ်ပင်ခဲ့သဖြင့် ၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့် တစိတ်တပိုင်း ရရှိမည်ဟု မျှော်လင့်နေသည့် မြန်မာ သတင်းထောက်များအကြား ရိုက်ခတ်မှု ဖြစ်ပွားစေခဲ့သည်။

ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ပြည်တွင်းဂျာနယ်လစ်တွေ မျှော်လင့်ထားတာကတော့ ၂၀၁၀ ကျော်ရင် သတင်းလွတ်လပ်ခွင့် အထိုက်အလျောက် ရလာမယ်၊ ရွေးကောက်ပွဲကြိုကာလမှာလည်း နိုင်ငံရေးပါတီ သတင်းတွေ ရေးသားခွင့်ရမယ်လို့ မျှော်လင့်ထားတာ” ဟု ပြောသည်။

“အခုရေးတာကလည်း အစိုးရသွားချင်တဲ့ လမ်းကြောင်းကိုပဲ ဒီနိုင်ငံရေးသမားတွေက လျှောက်မယ့်အကြောင်း၊ ဒါကိုတောင်မှ ခွင့်မပြုဘူးဆိုရင်တော့ နောက်လာမယ့်ကာလမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကောင်းအဆိုး သတင်းမှန်သမျှ ကျနော်တို့ ပြည်တွင်းဂျာနယ်လစ်တွေ လက်ရှောင် နေရမယ့်သဘော ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

သို့သော် အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ယခုလို ရွေးကောက်ပွဲဆိုင်ရာ သတင်းမျိုးကို ပိတ်ပင်ခြင်းမှာ ရွေးကောက်ပွဲ ဥပဒေ မထွက်သေးသဖြင့် ဖြစ်နိုင်ကြောင်း ယူဆသည်။

သူက “ရွေးကောက်ပွဲ ဥပဒေ မထွက်သေးခင်မို့ ထင်ပါတယ်။ ဥပဒေမထွက်သေးလို့ပါ။ ဥပဒေထွက်ပြီးမှ လုပ်စေချင်တဲ့ သဘောလို့ပဲ မြင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။