ရန်ကုန် (မဇ္ဈိမ) ။ ။ ထောင်ဒဏ် ကိုးနှစ်ကျော် ကျခံခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သော စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မုံရွာအောင်ရှင်က ပါတီ၏ လမ်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်သည်။
ကဗျာဆရာ တဦးဖြစ်သူ မုံရွာအောင်ရှင်အား ၂၀၀၀ ခုနှစ်တွင် စစ်အစိုးရက ဥပဒေပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် (၂၁) နှစ် ချမှတ်ခဲ့ရာ ထောင်အတွင်း (၉)နှစ်နှင့် (၅)ရက် ကျခံခဲ့ပြီး စက်တင်ဘာ (၁၈)ရက်နေ့ တွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
"ကျနော့်ကို ၅ (ည) ရယ်၊ နောက်ပြီးတော့ ပုံနှိပ်ဥပဒေ ၂ ခုရယ်။ တခုကို (၇) နှစ်စီနဲ့ စုစုပေါင်း (၂၁) နှစ် ချခဲ့တာပါ။ လွတ်ရက်ကတော့ ပုံမှန်အတိုင်းဆို အများကြီး ကျန်ပါသေးတယ်။" ဟု မုံရွာအောင်ရှင်က ပြောသည်။
ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့၍ သူ့အနေဖြင့် ဝမ်းသာမိသော်လည်း ကျန်ရှိနေသေးသော အခြား နိုင်ငံရေးသမားများကိုလည်း လွတ်မြောက်စေလိုကြောင်း မုံရွာအောင်ရှင်က ပြောသည်။
"ဝမ်းသာတာထက် တခြားသူတွေကိုလည်း လွတ်စေချင်ပါတယ်။ ကျနော်တို့ကတော့ မထူးတော့ဘူးလေ။ အသက်လည်း ကြီးလာပြီကိုး။" ဟု သူကပြောသည်။
အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိဟု ပြောဆိုခဲ့သော်လည်း မုံရွာအောင်ရှင်က အင်းစိန်ထောင် အတွင်းနှင့် အခြားထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ အများအပြား ရှိနေသေးကြောင်း ပြောဆိုသွားသည်။
ထောင်အတွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ ဖတ်ခွင့်ရခဲ့ကြောင်း၊ ဆောင်းပါးရှင် အချို့၏ နိုင်ငံရေး ဆောင်းပါးများကိုလည်း ဖတ်ရှုခဲ့ရကြောင်း မုံရွာအောင်ရှင်က ပြောသည်။
ပြည်တွင်းထုတ် ဂျာနယ်များတွင် နိုင်ငံရေးနှင့် သက်ဆိုင်သော ဆောင်းပါးများ ရေးသား လာကြခြင်းနှင့် ပတ်သတ်၍ မြန်မာစာနယ်ဇင်း လွတ်လပ်ခွင့် အနေအထားအပေါ် - "ပြန်ကြားရေးရဲ့ မူဝါဒနဲ့ ပတ်သတ်ပြီး ဆန့်ကျင်ဘက် မဖြစ်တာတွေကိုပဲ ရေးသားခွင့် ပေးတာကို ကျနော်တွေ့ရတယ်။ သိပ်အလွတ်လပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဟိုးအရင်ကထက် စာရင်တော့ နည်းနည်း လွတ်လပ်လာတယ်လို့ ပြောရမှာပါ။" ဟု ဝေဖန်ပြောကြားခဲ့သည်။
"၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ကတော့ ကျနော် တယောက်တည်း အနေနဲ့ သိပ်မပြောချင်ဘူး ခင်ဗျ။ ကျနော်က အန်အယ်လ်ဒီက ဆိုတော့ အန်အယ်လ်ဒီရဲ့ အာဘော်အတိုင်းပဲ ဆက်သွားမှာပါ။ အဖွဲ့ချုပ်ရဲ့ လမ်းစဉ်အတိုင်းပဲ ဆက်သွားမှာပါ။" ဟု ပြောကြားခဲ့သည်။