နစက အယောင်ဆောင် ဓါးပြများကြောင့် လူထုအတွင်း စိုးရိမ်မူ တိုးပွား

နစက အယောင်ဆောင် ဓါးပြများကြောင့် လူထုအတွင်း စိုးရိမ်မူ တိုးပွား
by -
မခိုင်ခိုင်စံ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် အတွင်းတွင် ဓါးပြအုပ်စု တစ်ခုမှ နစက တပ်ဖွဲ့ကဲ့သို့ အယောင်ဆောင်ကာ တိုက်ခိုက် လုယက်မှုများကို ကျူးလွန် နေခြင်းကြောင့် ဒေသခံ ပြည်သူများ ...

(မောင်တော) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် အတွင်းတွင် ဓါးပြအုပ်စု တစ်ခုမှ နစက တပ်ဖွဲ့ကဲ့သို့ အယောင်ဆောင်ကာ တိုက်ခိုက် လုယက်မှုများကို ကျူးလွန် နေခြင်းကြောင့် ဒေသခံ ပြည်သူများ အကြား အထူး စိုးရိမ်မှုများ တိုးပွားနေသည် ဟု နယ်ခံသား တစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တွင် ယခုကဲ့သို့ နစက အယောင်ဆောင်ကာ ဓါးပြတိုက်မှုမှာ ယခုအပတ် တနင်္လာနေ့က တစ်ကြိမ်၊ သြဂုတ်လ (၁၅)ရက်နေ့က တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

နစက အယောင်ဆောင် ဓါးပြများသည် ယခုအပတ် တနင်္လာနေ့က မောင်တော အမှတ်(၆) ရပ်ကွက် (ခေါ်) လေးမိုင် ကျေးရွာနေ ဦးမောင်လှကျော်၏ နေအိမ်အား ၀င်ရောက် ဓါးပြတိုက်ခဲ့ကြသည်။

ဦးမောင်လှကျော် မိသားစုဝင် တစ်ဦးမှ သေနတ်နှင့် ဓါးများ ကိုင်ဆောင် ထားသည့် ဓါးပြ (၆)ယောက်သည် အိမ်ရှေ့တံခါးမှနေ၍ “စစ်ဆေးစရာရှိတယ် တံခါးဖွင့်” ဟု နစကများကဲ့သို့ ဗမာစကား ပီသစွာဖြင့် အမိန့်ပေးပြောဆိုကာ နေအိမ်ထဲသို့ ၀င်ရောက်ခဲ့ပြီး ဓါးပြ တိုက်ယူသွားခဲ့ကြသည်ဟု ပြောသည်။

“ကျွန်တော်တို့အိမ်က တခြားအိမ်တွေနဲ့ အလှမ်းဝေးပြီးတော့ ရွာထဲမှာ တစ်အိမ်တည်း သီခြားလို ဖြစ်နေတယ်။ ညဆယ်နာရီကျော်မှာ အပြင်မှာ မှောင်နေပြီဆိုတော့ ဘယ်သူတွေ ဆိုတာကို မသိနိုင်ဘူးလေ။ ဒါပေမယ့် သူတို့က တံခါးဖွင့် စစ်ဆေးစရာရှိတယ်ဆိုပြီး ဗမာစကား ပီပီသသကို ပြောနေတော့ နစကတွေ ဖြစ်နိုင်တယ်ဆိုပြီး တံခါးဖွင့်လိုက်တာနဲ့ သေနတ်နဲ့ ဓါးတွေ ကိုင်ဆောင်ထားတဲ့ ကုလား ဓါးပြတွေ ဖြစ်နေတယ်။”

ဓါးပြသည် မောင်လှကျော် မိသားစုဝင်များကို ကြိုးဖြင့် တုတ်နှောင်ပြီး နေအိမ်ထဲမှ ကျပ်ငွေ ၄၀၀၀၀၊ လက်ဝတ်လက်စားများနှင့် အဝတ်အထည်များကို ယူဆောင်သွားခဲ့ ကြသည်။

သြဂုတ်လ ၁၅ ရက်နေ့ ညဉ့်သန်းခေါင်ယံ အချိန်တွင်လည်း မောင်တော အီတလီယာ ကျေးရွာအုပ်စုရှိ ဟော်ရီဒူလာ ကျေးရွာနေ ဦးဂျာမာလ် ဟူဆိန်း၏ နေအိမ်ကို ဓါးပြ (၇)ဦးက နစက အယောင်ဆောင်ကာ ၀င်တိုက်ခဲ့ကြသည်။

ဦးဂျာမာလ်၏ အဆိုအရ အဆိုပါ ဓါးပြများသည် ဗမာစကား ပီသစွာဖြင့် “နစက တပ်ဖွဲ့ကပါ။ စစ်ဆေးစရာ ရှိတယ်။ တံခါးဖွင့်။” ဟု နစကများ ခါတိုင်းလာနေကျ ပုံစံမျိုးဖြင့် တံခါးဖွင့်ခိုင်းပြီး နေအိမ်ထဲသို့ ၀င်ရောက်လာကာ အိမ်သားများကို ကြိုးဖြင့်တုပ်ပြီး ပိုင်ဆိုင်မှုများကို လုယက် ယူငင် သွားခဲ့ကြသည်။

၎င်းပြင် သူက “ဒီမှာက အဘက်ဘက်ကို စိုးရိမ်နေရတော့ ညပိုင်းရောက်ရင် ဘယ်ကိုမှ မသွားပဲ အိမ်ကို တံခါးပိတ် စောစော အိပ်ကြတာပါ၊ ညအချိန်မတော် တံခါးလာခေါက်ရင် အိမ်ထဲကပဲ ပြောတာများပြီး တံခါးဖွင့်ပေးလေ့ မရှိပါဘူး။ ဒါပေမယ့် တစ်ခါ တစ်ခါ နစက တွေက နေအိမ်တွေကို လာဝင်စစ်တော့ သူတို့လာတယ်ဆိုရင် အိမ်တံခါးကို ချက်ချင်း ဖွင့်ပေးရတယ်လေ။ ဒါကို အခွင့်ကောင်းယူပြီး ဓါးပြတွေက ၀င်တိုက်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

ဓါးပြများသည် ဦးဂျာမာလ်၏ နေအိမ်မှ ငွေ ၄၁၅၀၀၀ ကျော်၊ ရွှေလက်ဝတ်လက်စားများ၊ အဝတ်အထည်များနှင့် ရေဒီယို တစ်လုံးကို ဓါးပြတိုက်ယူသွားခဲ့ကြသည်။

ဦးဂျာမာလ်မှ သူ့အား သံကြိုးဖြင့် ချည်နှောင်စဉ် လက်နှိပ်ဓါတ်မီးရောင်ဖြင့် ဓါးပြ ၃ ဦးမှာ သူနှင့် မျက်နာသိ ဖြစ်သဖြင့် ရဲသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ဓါးပြ (၃) ဦးမှာ ဘက္ကာဂုနားကျေးရွာနေ အဘ္ဒူဟာမိတ်၊ နာဇူမူဒိန် နှင့် ဟော်ရီဒူလာရွာမှ အိုစမန် ဆိုသူတို့ဖြစ်ကြပြီး ၄င်းတို့ သုံးယောက် အမည်နှင့်အတူ အဆိုပါ ဓါးပြမှုကို မောင်တောမြို့မရဲစခန်းတွင် သြဂုတ်လ (၁၈)ရက်နေ့တွင် သွားရောက် အမှုဖွင့် ထားခဲ့သော်လည်း ယခုထိတစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သူက ပြောသည်။

မောင်တောမြို့နယ်အတွင်း နစကတပ်သားများ၏ ညဉ့်အချိန်မတော် ဒေသခံနေအိမ်များသို့ မထင်မှတ်ပဲ ရုတ်တရက် ၀င်စစ်ဆေး တတ်သည့် နည်းလမ်းများကို ဓါးပြများက အခွင့်ကောင်းတစ်ခု အဖြစ် အသုံးချပြီး ဓါးပြ ၀င်တိုက်လာနေသောကြောင့် ဒေသခံပြည်သူများ အကြား စိုးရိမ်မှုတိုးပွါးလာရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နယ်ခံသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“မောင်တောမြို့နယ်ထဲမှာ ခုတဘော ဓါးပြတွေ အထူး သောင်းကျန်းနေပြီး ခုလိုဓါးပြ တိုက်တာတွေကက တစ်လမှာ အနည်းဆုံး တကြိမ် နှစ်ကြိမ် ဖြစ်နေတော့ နောက်ထပ် ဘယ်ရွာက ဘယ်မိသားစု အလှည့် ရောက်လာမလဲ ဆိုတာကို တွေးပြီး လူတွေက စိုးရိမ် နေကြရပါတယ်။”

Most read this week