မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းဖနုံရေလှောင်တမံ ရေစီးမြောင်းမှ ရေးစီးဆင်းမှုကြောင့် ၄င်းအနီးနားတဝိုက်ရှိ လယ်ယာမြေများနစ်မြုပ်ပြီး၊ စပါးခင်းများ သေကျေပျက်စီးကုန်သည်ဟု သိရသည်။
ရေလှောင်တမံမှ စီးဆင်းလာသည့် ရေးလမ်းကြောင်းကို ပိတ်ဆို့လိုက်သည့်အတွက် ဆက်စီးရန် လမ်းကြောင်းမရှိသဖြင့် လယ်မြေပေါ်သို့ စီးဝင် လျှံကျသွားကာ စပါးပင်များ သေကြရသည်။
ဝင်းဖနုံရေလှောင်တမံရှိ ရေစီးမြောင်းများ ဆက်လက်တူးဖော်ထားချင်မရှိသဖြင့် ရေစီးကြောင်းများ ပိတ်စို့သွားပြီး အနီးတဝိုက်ရှိ လယ်ယာမြေများနှင့့် တပြေညီဖြစ်နေသည့်အနေထားပင်ဖြစ်သည်။
“ကျွန်တော်တို့မြို့နယ်မှာ လယ်ဧက ၂ ထောင် ၃ ထောင်နီးပါးရှိတယ်၊ အခုကျွန်တော်တို့ရွာမှာ လယ်ဧက ၂၀၀-၃၀၀ လောက်က စပါးတွေသေကုန်နေပြီး၊ သူတို့က နွေစပါးစိုက်တဲ့အချိန်ရောက်လည်း အတင်းစိုက်ခိုင်းတယ်၊ ဆည်ပြင်ဖို့ကျတော့ မသိဘူး၊ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ လယ်သမားတွေဘဲ ခံရတယ်” ဟု မုဒုံမြို့နယ်ရှိ ကွမ်ခဗွီကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။
၂၀၀၁ ခုနှစ်၊ မြန်မာအစိုးရ အာဏာပိုင်တို့က ဝင်းဖနုံရေးလှောင်တမံကို ဆောက်လုပ်ထားပြီးနောက် ထိုဒေသမှာ စီးဆင်းနေသည့် အဓိကချောင်းကို ပိတ်လိုက်သည်။ ချောင်း၏ ဘေးတဘက် တစ်ချက်တွင်လည်း လယ်ယာမြေများရှိပြီး၊ မိုးရာသီရောက်သည့်အချိန်တွင် ရေးများလျံကြလာကာ ချောင်းမှတဆင့် လယ်ကွက်ထဲသို့ စီးဝင်သွားသည်။
ထိုသို့ စပါးများ သေနေသည်မှာ သြဂုတ်လအစကပင်် ဖြစ်ပွားနေပြီး၊ မိုးလည်းအဆက်မပြတ် ရွာသွန်းနေသောကြောင့် ရေစီးဆင်းမည့်နေရာမရှိဘဲ လယ်မြေ၌သာ ပြည့်လျှံနေသည်ဟု တောင်ပကျေးရွာမှ လယ်သမားတစ်ဦးက ဆိုသည်။
“ကျွန်တော့်မှာ လယ် ၂၀ ဧက ရှိတယ်၊ အခု ၆-၇ ဧက လောက်က စပါးတွေ သေနေပြီး၊ လယ်လုပ်ရတာ မြတ်တယ်ဆိုလို့ တစ်နှစ်မှ မရှိသေးဘူး၊ ကုန်စျေးနှုန်းကလည်း တက်နေပြန်တော့ ဘာမှလည်း လုပ်စားလို့ မကောင်းတော့ဘူး” ဟု ၄င်းက ဆက်ပြောသည်။
စပါးသေဆုံးမှုအများဆုံးမှာ မုဒုံမြို့နယ်အတွင်းရှိ တောင်ပရွာ၊ ထုန်မင်း၊ ကွမ်ခဗွီ၊ ဒိုးမာရွာတို့ဖြစ်ပြီး၊ ကွမ်တား၊ ကော့ခပုံ၊ ကော့ခပီထော၊ ကလော့သော့ရွာနှင့် ကမာဝက်ကျေးရွာဘက်မှာလည်း စပါးအသေအပျောက်မှုရှိနေသည်ဟု လယ်သမားတို့၏ပြောပြချက်အရ သိရသည်။
အချို့လယ်ယာမြေတွေမှာ ရေလျှံခြင်းကြောင့် စပါးသေရသည်သာမက ပိုးစားခြင်းကြောင့်လည်း စပါးများသေဆုံးနေသည်။
“ကျွန်တော့် လယ်တော့ ရေလှောင်တမံနဲ့ဝေးတယ်၊ ရေတော့မလျှံဘူး ပိုးစားလို့ စပါးပင်တွေ အဝါရောင်းသန်းနေတာပဲ၊ မနှစ်ကဒီလိုမျိုးမရှိဘူး” ဟု မုဒုံမြို့နယ်မှ အခြားလယ်သမားတစ်ဦးက ဆိုသည်။