နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကိစ္စ ဆွေးနွေးရန် ရှေ့နေများက အာဏာပိုင်များထံ တွေ့ဆုံခွင့်ပြုရေးအတွက် ယမန်နေ့က တောင်းဆိုခဲ့ရာ ယခုတိုင် အကြောင်း မပြန်သေးကြောင်း သိရသည်။
ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံး၌ အယူခံအတွက် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ထိုနေ့မတိုင်မီ အမှုသည်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ အတူနေ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းပပ ထံ သွားရောက်ခွင့်ပြုရန် ရှေ့နေများက တောင်းဆိုခဲ့ရာ အကြောင်းမပြန်သေးခြင်း ဖြစ်သည်။
“အခုအချိန်ထိတော့ ဘာမှ အကြောင်းပြန်စာ မရသေးပါဘူး။ အမှုသည် ကာယကံရဲ့ ညွှန်ကြားချက် ယူရမယ်။ အမှုက ၁၈ ရက်နေ့မှာ ကြားနာမယ်။ အဲဒီအတွက် အမှုသည် ကာယကံရှင်တွေနဲ့ တွေ့ခွင့်ရဖို့ လိုတယ်” ဟု အမှုအတွက် ရှေ့နေ ၄ ဦးထဲမှ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ယခုလ ၄ ရက်နေ့က တိုင်းတရားရုံးတွင် အယူခံခွင့်ပြုရန် လျှောက်လဲချက်ပေးရာ တရားရုံးက လက်ခံခဲ့ပြီး၊ ယခုလ ၁၈ နေ့တွင် နှစ်ဖက်ရှေ့နေများ အပြန်အလှန် လျှောက်လဲရန် ချိန်းဆိုခဲ့သည်။
ဦးဉာဏ်ဝင်းက “အယူခံနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တာပေါ့ဗျာ။ ကျနော်တို့က ဆုံးဖြတ်ခွင့် ရတာမဟုတ်ဘူး။ သို့သော် ဥပဒေ အချက်အလက်အရ ဒေါ်အောင်ဆန်းစုကြည်က ဘာအပြစ်မှ မကျူးလွန်ဘူး ဆိုတာကို ကျနော်တို့ အနေနဲ့ သေသေချာချာ လျှောက်လဲချက် ပေးမှာပါ။ ဒေါ်စုနဲ့ ဒေါ်ခင်ခင်ဝင်း သားအမိ နှစ်မှုစလုံးအတွက် လျှောက်လဲချက်ပေးရမှာ ဖြစ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ကို မြောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သော်လည်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ပျက်ပြယ်ပြီးဖြစ်သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ စီရင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ခရိုင်တရားရုံး လျှောက်လဲခဲ့ကြသေးသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ ၌ ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခု အခြေခံဥပဒေ ရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြသည့်အပြင် ဗိုလ်ချုပ်မှူးကြီးက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီး ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောဆိုခဲ့သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။