ပါတီ နှစ်ခု ဆိုင်းဘုတ် တင်ခွင့်ရ

ပါတီ နှစ်ခု ဆိုင်းဘုတ် တင်ခွင့်ရ
by -
မြင့်မောင်
ခုက္ကူမြို့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ ဆိုင်းဘုတ်ကို တင်ခွင့်ရရာ ရွေးကောက်ပွဲဥပဒေ မထွက်သေးသော်လည်း ပထမဆုံး တရားဝင် လှုပ်ရှား ...

နယူးဒေလီ (မဇ္စျိမ)။     ။ ပခုက္ကူမြို့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၏ ဆိုင်းဘုတ်ကို တင်ခွင့်ရရာ ရွေးကောက်ပွဲဥပဒေ မထွက်သေးသော်လည်း ပထမဆုံး တရားဝင် လှုပ်ရှားခွင့်ရသည့် အဖွဲ့သစ်များ ဖြစ်လာသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမျိုးသားလှုပ်ရှားမှု ၂၀၀၉ ဆိုသည့် ဆိုင်းဘုတ်ကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်ဝင်မည့်  အဖွဲ့ ၂ ဖွဲ့က ယခု လဆန်းပိုင်းက တင်ထားခဲ့သည်။

“ရုံးရှေ့မှာ တင်တာပါ။ အဲဒီ ဆိုင်းဘုတ််မှာ ကျနော်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ နာမည်ပါတယ်။ ပထမပိုင်းတော့ အာဏာပိုင်တွေက မကျေမလည်ဖြစ်တာတွေကတော့ ရှိတယ်။ Campaign လုပ်တဲ့ သဘောဆိုပြီးတော့ ပြောရတာပေါ့။ အလျား ၈ ပေ၊ အနံ ၃ ပေ ရှိတယ်။ ဆိုင်းဘုတ်မှာ ဝါ၊ စိမ်း၊ နီ ဆိုပြီးတော့ လိုင်းသုံးလိုင်း ပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ကိုရဲထွန်းက ပြောသည်။

သူက ဆက်ပြီး “ အလံရဲ့ သင်္ကေတ အတိုင်းပဲလေ။ အနီရောင်ပေါ်မှာ အဖြူရောင်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမျိုးသားလှုပ်ရှားမှု ၂၀၀၉ လို့ ရေးထားတယ်။ အလယ်တည့်တည့်မှာ ကဒေါင်း ပါတယ်။ တဖက်တချက်မှာက ကျနော်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ နာမည်ပါတယ်။ အပေါ်မှာက  ခွပ်ဒေါင်းနှင့် ကဒေါင်း သင်္ကေတကို အလံတွေ အပေါ်ဆုံးမှာ တင်ထားတယ်” ဟု ပြောသည်။

တတိယအင်အားစုတခုဖြစ်သည့် ထိုအဖွဲ့များ၏ အလားတူ ဆိုင်းဘုတ်များကို ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ ပြည်၊ ပေါင်းတည်၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့် အခြားမြို့နယ်တွင်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ - ပြည်ထောင်စု မြန်မာနိုင်ငံ ခရိုင်၊ မြို့နယ် ရုံးခွဲများတွင် တင်ထားကြောင်း သိရသည်။

သို့သော်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရ၍ စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခံထားရသော ဒီမိုကရေစီ လိုလားသော အတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်နှင့်တိုင်း အသီးသီးရှိ ရုံးများစွာ အပိတ်ခံနေရသလို ဆိုင်းဘုတ်များကိုလည်း ဖြုတ်ချခံခဲ့ရသည်။

၁၉၈၈ ခုနှစ် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့်ရကာ၊ ရှားရှားပါးပါး ကျန်ရှိနေသေးသော ပါတီဖြစ်ပြီး လွတ်လပ်သော အထွေထွေ ရွေးကောက်ပွဲ အနိုင်ရပါတီအနေဖြင့် ရုံးများ ပြန်ခွင့်ပြုရန် ယမန်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အန်အယ်ဒီရုံးချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။