မွန်ပြည်သူကြား မွန်ပြည်သစ်ပါတီ စည်းရုံးခွင့် တားမြစ်ခံရ

မွန်ပြည်သူကြား မွန်ပြည်သစ်ပါတီ စည်းရုံးခွင့် တားမြစ်ခံရ
by -
အာကာ
မွန်ပြည်သစ်ပါတီနှင့် ရတခ တိုင်းမှူးတို့ နောက်ဆုံးတွေ့ဆုံရာ၌ မွန်ပြည်သူကြား စည်းရုံးရေးဆင်းခြင်းကို ရှောင်ကြဉ်ပေးရန် တိုင်းမှူးကတောင်းဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ...

မွန်ပြည်သစ်ပါတီနှင့် ရတခ တိုင်းမှူးတို့ နောက်ဆုံးတွေ့ဆုံရာ၌ မွန်ပြည်သူကြား စည်းရုံးရေးဆင်းခြင်းကို ရှောင်ကြဉ်ပေးရန် တိုင်းမှူးကတောင်းဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြောင်း လွန်ခဲ့သည့် သြဂုတ်လ (၅) ရက်နေ့တွင် စစ်အစိုးရထံ တရားဝင်အကြောင်းကြားပြီးနောက်တွင် ယခုလ (၂၈) ရက်နေ့၌ ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။

၄င်းတွေ့ဆုံပွဲ၌ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ကိစ္စအပြင် ပါတီ၏ လုပ်ဆောင်ချက်အချို့နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု အထက်ပါ ပါတီအရာရှိက ပြောသည်။

၄င်းက “တိုင်းမှူးက ကျနော်တို့ပါတီရဲ့ အကောက်အခွန်ကိစ္စ၊ စည်းရုံးရေးကိစ္စနဲ့ တရားစီရင်ရေးကိစ္စတွေကို စစ်တပ်သြဇာ ရှိတဲ့အရပ်မှာ မလုပ်ဖို့ တောင်းဆိုထားတာ ရှိတယ်လို့ ကျနော်ကြားတယ်’’ ဟု ဆိုသည်။

နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်၊ မွန်ပြည်သူများနှင့် ထိတွေ့နီးစပ်ရန်အတွက် မွန်ပြည်သစ်ပါတီမှ ၁၉၉၅ ခုနှစ်သြဂုတ်လတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင် မွန်ပြည်သူများ နိုင်ငံရေးအသိ နိုးကြားလာခဲ့ပြီး အမျိုးသားရေး နိုင်ငံရေးနှင့် သက်ဆိုင်သော လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့သည်။

၄င်းလှုပ်ရှားမှုတိုင်းတွင် မွန်ပြည်သစ်ပါတီမှ ကြိုးကိုင်ထားသည်ဟု စစ်အစိုးရက ယူဆထားပြီး မွန်ပြည်သစ်ပါတီ အရာရှိများအား ၄င်းကိစ္စနှင့်ပတ်သက်ပြီး ခေါ်ယူဆွေးနွေးလေ့ ရှိသည်။

လက်ရှိမြေပေါ် ပါတီအင်အား (၇၀၀) ခန့်သာ ရှိသော မွန်ပြည်သစ်ပါတီက စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုခြင်းနေခြင်းမှာ မွန်ပြည်သူတို့၏ ထောက်ခံအားပေးမှုကြောင့်သာ ဖြစ်သည်ဟု လေ့လာသုံးသပ်သူတို့က ဆိုသည်။

ပြည်သူနှင့် ထိတွေ့နီးစပ်ရန် လုပ်ဆောင်ခြင်းမှာ ပါတီ၏လုပ်ငန်းစဉ်တစ်ခု ဖြစ်သောကြောင့် တိုင်းမှူး၏ တောင်းဆိုချက်ကို လိုက်လျောပြီး ပါတီနေနှင့် ၄င်းလုပ်ငန်းစဉ်ကို စွန့်လွှတ်ရန် ခက်ခဲမည်ဖြစ်ကြောင်း အခြားဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

“ပြည်သူတွေနဲ့ ထိတွေ့ဖို့ နီးစပ်ဖို့ ပါတီကို ထောက်ခံဖို့ဆိုတာ ကျနော်တို့ပါတီရဲ့ လုပ်ငန်းစဉ်တစ်ခုပဲ၊ ပါတီရဲ့ စည်းရုံးရေး နည်းနာတစ်ခုပဲ။ ဒါကို စွန့်လွှတ်လိုက်မယ်ဆိုရင် ပါတီဆိုတာ အဓိပ္ပါယ်မဲ့သွားလိမ့်မယ်။ ကျနော်တို့ အပစ်အခတ်ရပ်စဲလာတာဟာလည်း ပြည်သူတွေနဲ့ နီးစပ်ဖို့ပဲ၊စည်းရုံးတယ်ဆိုတာ အဓိပ္ပါယ်အမျိုးမျိုး ဖော်လို့ရတယ်’’ ဟု ၄င်းက ပြောသည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲစဉ်ကာလတွင် မွန်ပြည်သစ်ပါတီဝင်အင်အား တစ်သောင်းဝန်းကျင်ခန့် ရှိသည်။